ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့တွင် တောင်ပြိုကျမှုကြောင့် PDF အများအပြားသေဆုံး ဆိုသည့် အကြောင်းအရာ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Truth Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ PDF စခန်းတစ်ခုပေါ် တောင်ပြိုကျခဲ့ခြင်းကြောင်း အနည်းဆုံး PDF ၁၀ ဦးခန့် သေဆုံး ကြောင်း၊ ရွာငံကို မြေပြင်စစ်ကြောင်းထိုးနေသည့် စစ်တပ်က မသေဘဲကျန်ခဲ့သည့် PDF ၁၀ဦးကိုလည်း အရှင်ဖမ်းမိထားကြောင်း ဓာတ်ပုံတစ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို “D.I Thameedaw, နေပြည်တော်” နှင့် အခြား စစ်လော်ဘီ တယ်လီဂရမ်ချန် နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/M52SK
D.I Thameedaw – https://archive.ph/k4FnE
နေပြည်တော် – https://archive.ph/qhYq7
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေကြည့်ရာ “Shwe Phee Myay” နှင့် “Mekong News” တို့က ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
သတင်းမီဒီယာများတွင် ၂၀၂၅ စက်တင်ဘာ ၂၄ ရက်ညက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းတောင်၊ ရွာငံမြို့နယ်၊ ကျောက်တောရွာနယ်နမိတ်တော ထဲရှိ စစ်ရှောင်စခန်းတစ်ခုအပေါ် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ ကြောင်း၊ မြေပြိုကျမှုကြောင့် စစ်ဘေးရှောင်နေသည့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ များထဲမှ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကိုသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Shwe Phee Myay – https://bitly.cx/vEM1M
Mekong News – https://bitly.cx/Ush4
ထပ်မံ၍ Google တွင် “ ရွာငံ တောင်ပြိုကျမှု” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “Mizzima, People’s Spring” နှင့် အခြား မီဒီယာများက သတင်းရေးထားသည်။
မီဒီယာများတွင် စက်တင်ဘာ ၂၄ ရက်ညက ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ရှောင်ပြည်သူ များ နေထိုင်သည့်နေရာတစ်ခုပေါ် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း၊ တောင်ပြိုကျမှုကြောင့် ကလေးငယ် များအပါအဝင် စစ်ရှောင် ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ရွာငံမြို့တွင် စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ် ခတ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်း၊ စစ်ကြောင်းထိုးခြင်းများကြောင့် ဒေသခံများမှာ စစ်ဘေးရှောင်နေရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Mizzima – https://bitly.cx/nEIK
People’s Spring – https://bitly.cx/F949
ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်-DSDNA ၏ လူမှုကွန်ယက် ဖေ့ဘွတ်ခ်၌ အဆိုပါ တောင် ပြိုကျမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။ ရွာငံမြို့နယ်၊ ကျောက်တောရွာဖက်တွင် စစ်ဘေးရှောင် နေသည့် စခန်းတစ်ခုပေါ် တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ အသက် တစ်နှစ်ခွဲ ကလေးငယ် အပါအဝင် စစ်ဘေး ရှောင် ၁၀ ဦး သေဆုံးခဲ့ပြီး တစ်ဦးကိုသာ အလောင်းရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထုတ်ပြန်ချက်အပြည့်အစုံကြည့်ရန် >>> https://bitly.cx/8Wt9v
သုံးသပ်ချက်
သတင်းမီဒီယာများက စက်တင်ဘာ ၂၄ ရက်တွင် ရွာငံမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုပေါ် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးသူများသည် စစ်ဘေးရှောင်ပြည်သူများဖြစ်ပြီး PDF တပ်ဖွဲ့ဝင်များဟု သတင်းများက ဖော်ပြထား ခြင်းမရှိပေ။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ တောင်ပြိုကျမှုကြောင့် PDF များ သေဆုံးပြီး၊ အရှင် ၁၀ ဦး ဖမ်းဆီးရမိ” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
