စစ်တပ် ဖမ်းသွားသည့် ခရမ်းအုပ်ကြီး ၂ ဦး သေသလား၊ ရှင်သလားပင် မသိ

ဓာတ်ပုံ-The Light of Khayan
ပုံစာ-ခရမ်းမြို့လယ်ခေါင်

စစ်တပ်က ဖမ်းဆီးသွားသည့် ခရမ်းမြို့ အုပ်ချုပ်ရေးမှူး၂ဦး၏ သတင်းကို အစအနပင်မရကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၊ ၁ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကိုစံနှင့် ၃ရပ်ကွက် အုပ်ချုပ် ရေးမှူးတင်မောင်ကြည်တို့ ကို စက်တင်ဘာ၂၅ရက်တွင် စစ်တပ်က တစ်ပြိုင်နက် ဖမ်းဆီးသွားခဲ့ရာ ယနေ့(စက်တင်ဘာ၂၉ရက်)အထိ မည်သည့်နေရာ ရောက်နေသလဲဆိုသည်ကို မိသားစုဝင်များပင် မသိကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က သတင်းထုတ်ပြန်သည်။

“အုပ်ကြီး ၂ ယောက်ကို စစ်တပ်က တစ်နေ့တည်း တစ်ချိန်တည်းဖမ်းတာ။ ခဏလိုက်ခဲ့ပါဦးဆိုပြီး ခေါ်သွားတာ။ ဒီနေ့အထိသတင်းအစအနမရသေးဘူး။ ဘယ်မှာရှိနေသလဲဆိုတာလည်းမသိရဘူး။ စစ်မှုထမ်းကိစ္စကြောင့် ဖမ်းတာလို့သိရတယ်” ဟု ၃ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြောင်း ခရမ်းချန်နယ်က ဆိုသည်။

၎င်းတို့ ၂ဦးကို စစ်မှုထမ်းကိစ္စ လာဘ်စားမှု၊ ငွေအလွဲသုံးစားလုပ်မှုနှင့် စာရင်းဇယား ဖျောက်ဖျက် မှုတို့ဖြင့် စစ်တပ်က ဖမ်းဆီးကာ စစ်ကြောရေး၌ စစ်ဆေးနေသည်ဟု သတင်းထွက်ပေါ်နေသော် လည်း အတည်ပြုနေဆဲဖြစ်ကြောင်း ခရမ်းချန်နယ်က ဖော်ပြသည်။

“စစ်မှုထမ်းအတွက် လိုတာထက် ပိုကောက်လို့ပါ။ တစ်ယောက်ကို တစ် သိန်းလောက်ထိ ကောက်တယ်လို့ပြောပါတယ်။ ဒါကို သူတို့အထက်ကသိသွားပြီး ဖမ်းတာပါ။ ပြည်သူတွေက တိုင်လိုက်တယ်လို့လည်း သတင်းထွက်ပါတယ်”ဟု ခရမ်းချန်နယ်မှ တာဝန်ရှိသူ တစ်ဦးက MPAသို့ပြောသည်။

ခရမ်းမြို့တွင် စစ်မှုထမ်းအကျုံးဝင် ယောကျာ်းလေးရှိသည့် အိမ်ကို တစ်ဦးရှိလျှင် အနည်းဆုံး ကျပ်၄သောင်းမှ ၆သောင်းအထိ ကောက်ခံပြီး စစ်မှုထမ်းအကျုံးဝင် ယောကျာ်းလေး၂ဦးရှိပါက ၂ဆ ပေး ရကြောင်း စစ်မှုထမ်းအကျုံးဝင် ယောကျာ်းလေး မရှိသည့်အိမ်များလည်း တစ်လလျှင် ကျပ်၂သောင်း ပေးရကြောင်း ၎င်းကဆိုသည်။

“တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် ကောက်တာချင်း မတူပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

ခရမ်းတွင် လစဉ် စစ်မှုထမ်းကြေး ကောက်ခံသော်လည်း ပေါ်တာမဆွဲကြောင်း သိရသည်။