ရေဦးတွင် ဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ ကျောင်းစောင့်အမျိုးသမီးသေဆုံး

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ- ဂျိုင်ရိုကော်ပတာ ပုံ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖန်ခါးဇင်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းစောင့်အမျိုးသမီးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ( စက်တင်ဘာ ၂၉ရက် ) မွန်းလွဲ ၂နာရီခန့်တွင် ရေဦးမြို့နယ်မြောက်ခြမ်း၊ ဖန်ခါးဇင်ကျေးရွာ ဘုန်းကြီးကျောင်းကို မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် ဂျိုင်ရိုကော်ပတာ စက်တပ်ယာဉ် သုံးစင်းဖြင့် ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ လူလတ်ပိုင်းအရွယ် ကျောင်းစောင့်အမျိုးသမီးသေဆုံးကာ ဘုန်းကြီးကျောင်း နှစ်ထပ်ကျောင်းဆောင်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

” ၁၂၀မမ ဗုံးသီးတွေဖြစ်ဖို့များပါတယ်။ ကျောင်းမှာတော့ ဘုန်းကြီးတွေမရှိပါဘူး။ ဘယ်လိုသတင်းအမှားရလို့လဲတော့မသိဘူး။ အကြောင်းမဲ့သက်သက် ဘာတိုက်ပွဲမှဖြစ်မထားဘဲ လေကြောင်းလာပစ်တာပါ ” ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က MPA ကို ပြောသည်။

ဘုန်းကြီးများမှာ ဘုန်းကြီးကျောင်းတွင် မနေတော့သဖြင့် ထိခိုက်မှုမရှိခြင်းဖြစ်ကြောင်း သိရသည်။

တချိန်တည်းမှာပင် တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းကိုလည်း ယင်းဂျိုင်ရို‌ကော်ပတာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုရှိ၊မရှိ မသိရှိရသေးကြောင်း ၎င်းကပြောသည်။

” ဒီဂျိုင်ရိုကော်ပတာ သုံးစီးက စက်တင်ဘာ ၂၂ရက်နေ့ကပဲ မိတ္ထီလာရှမ်းတဲလေတပ်ကနေ နမခကို ရွှေ့ပြောင်းဆင်းသက်ထားတာဖြစ်တယ်။ နမခကိုရောက်ပြီး တစ်ပတ်အကြာ မနေ့က အရာတော် နယ်ကို လေကြောင်းတိုက်ခိုက်အသုံးပြုခဲ့ပြီး ဒီနေ့ ရေဦးနယ်နဲ့ တန့်ဆည်နယ်ကို ထပ်ပြီးအသုံးပြု တိုက်ခိုက်သွားတာဖြစ်တယ်။ ဒါတွေဟာ စုံစမ်းသိရှိရသလောက် မိတ္ထီလာရှမ်းတဲမှာပဲ အရှိများပြီး မန္တလေးတိုင်း နွားထိုးကြီး၊ တောင်သာ၊မြင်းခြံနယ်တွေဘက်မှာပဲ အသုံးပြုတိုက်ခိုက်တာများတယ်လို့သိရတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

စက်တင်ဘာ ၂၆ရက်ကလည်း တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာကိုယ်ဝန်သည်အမျိုးသမီး အပါအဝင် ၁၂ ဦး သေဆုံးခဲ့သည်။