အင်းလေးကန်ရှိ ဟင်္သာတိုင် ရေအောက်သို့ နစ်မြုပ်သွား

ဓာတ်ပုံ - လူမှုကွန်ရက်

အင်းလေးကန်တွင်း အမှတ်အသားပြု တည်ဆောက်ထားသည့် ဟင်္သာတိုင်မှာ ရေအောက်သို့ နစ်မြုပ်သွားကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊အင်းလေးကန်အနောက်ဘက်၊မြေနီကုန်းရွာအနီးရှိ ဟင်္သာတိုင်မှာ စက်တင်ဘာ၂၉ရက်၊ ညနေ၅နာရီခန့်မှစ၍ တဖြည်းဖြည်း ရေအောက်သို့ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်သည်။

“ရေလည်း ဆက်တိုက်ကြီးနေတယ်။ ပြီးတော့ ငလျင်လှုပ်ပြီး ပြန်လည်ပြုပြင်တာ မရှိသေးဘူး။ လေပြင်းဒဏ်တွေရောဆို ဘယ်ခံနိုင်ပါ့မလဲ။ ဘုရားမကြွခင် ဘာမှပြုပြင်ထားတာလည်းမရှိဘူး” ဟု ရွာမ ဒေသခံတစ်ဦးက ပြောကြောင်း အင်းလေးလူထုလှုပ်ရှားမှုက ဖော်ပြသည်။

ငလျင်ဒဏ် ၊ ရေဘေးဒဏ် ၊ လေ‌ပြင်းဒဏ် နှင့်ကျွန်းမျောပိတ်သည့်ဒဏ်များကြောင့် ဟင်္သာတိုင် ယိုင်နဲ့တိမ်းစောင်းနေခဲ့ရာမှ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

ယခင်က ဟဲယာရွာမမှ ‌ ကြေးစားကုန်းသို့ ဖောင်တော်ဦးမြတ်စွာဘုရား ကြွချီတော်မူစဉ် နစ်မြုပ်ခဲ့သည့် နေရာကို ဟဲယာရွာမ ကျောင်းနီကျောင်း ဆရာတော်က ညွှန်ကြား၍ ကြေးစားကုန်းကျောင်းဆရာတော်၏ စီမံမှုဖြင့် ဆည်ခေါင်းရွာမှ ဗိသုကာဆရာ ဦးရက “ကရဝိတ်ရုပ်” ဖြင့်အမှတ်အသားပြု တည်ဆောက်ခဲ့ရာ လူအများက ဟင်္သာတိုင်ဟု‌ခေါ်ကြကြောင်းသိရသည်။