ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း လမ်းဘေးဈေးသည်များကို ဖမ်းဆီးမှု ပိုမိုများပြားလာသဖြင့် ဈေးသည်အများစုမှာ စိုးရိမ်ပူပန်မှုများဖြင့် ဈေးရောင်းနေကြရကြောင်း သိရသည်။
စစ်ကော်မရှင် လက်အောက်ခံ ရန်ကုန်မြို့တော် စည်ပင်က ဈေးသည်များကို စစ်ဆေးဖမ်းဆီးမှုမှာ ယခင်က နံနက်ပိုင်းတွင်သာ အဓိကပြုလုပ်လေ့ရှိသော်လည်း ယခုရက်ပိုင်းအတွင်း အချိန်မရွေး စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လာကြောင်း ဈေးသည်အချို့ထံက သိရသည်။
“စည်ပင်အနေနဲ့က လမ်းဘေးဈေးသည်တွေကို ဖမ်းတာဆီးတာတွေ အရင်ကတော့ မနက်ပိုင်းတစ်ပိုင်းလောက်ပဲ အလာပြပြီး နေ့လယ်ပိုင်းလောက်မှာတော့ စပြီးရောင်းလို့ရပြီ။ ဒီရက်ပိုင်းအတွင်းက ရွေးကောက်ပွဲနီးလာလို့လား၊ လူကြီးလမ်းကြောင်းတွေ များလာလို့လား မသိပါဘူးဗျာ။ အဖမ်းအဆီးတွေ အတော်များလာတယ်” ဟု လမ်းဘေးဈေးသည်တစ်ဦးက ပြောသည်။
ထို့အပြင် ဈေးသည်များထံမှ ငွေကြေးကောက်ခံသည့်အဖွဲ့က တစ်ဖွဲ့နှင့် ဖမ်းဆီးသည့်အဖွဲ့က တစ်ဖွဲ့ ပုံစံများလည်း ရှိနေကြောင်း သိရသည်။
ရန်ကုန်ပြည်သူများမှာ အလုံးစုံ ကျပ်တည်းနေသဖြင့် ဈေးရောင်းထွက်သူ တဖြည်းဖြည်း များပြားလာကြောင်းနှင့် ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးများကြောင့် ဆိုင် စောစောသိမ်းလိုက်ရသည့် ရက်များလာကြောင်း အဆိုပါဈေးသည်က ဆိုသည်။
လမ်းဘေးဈေးသည်များ ဖမ်းဆီးထိန်းသိမ်းမှု ပိုမိုများပြားလာရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ စည်ပင်ဘက်က တရားဝင် ထုတ်ပြန်ခြင်းမျိုး မရှိပေ။















