တရုတ်နိုင်ငံသူတစ်ဦးသည် ဒေါ်လာ ၆ ဒသမ၇ ဘီလီယံ တန်ဖိုးရှိသော ခရစ်ပတိုငွေကြေးကို ကမ္ဘာပေါ်တွင် တစ်ဦးတည်းက အများဆုံး သိမ်းဆည်းမှု ဖြစ်စဉ်တွင် အဓိကနေရာမှ ပါဝင်ခဲ့သည့်အတွက် ၎င်းအား ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။
ကျီမင်ချန် ခေါ် ယာဒီကျန်းသည် ခရစ်တိုငွေကြေးများကို တရားမဝင် ရယူပိုင်ဆိုင်မှုဖြင့် လန်ဒန်မြို့ Southwark တရားရုံး၌ စက်တင်ဘာ ၂၉ ရက်နေ့တွင် အပြစ် ဝန်ခံခဲ့သည်။
လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သူသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ လူပေါင်း ၁၂၈,၀၀၀ ကျော်ကို လိမ်လည်ကာ ခိုးယူရရှိသည့် ငွေကြေးများကို bitcoin ပိုင်ဆိုင်မှုများအဖြစ် စုဆောင်းသိမ်းဆည်းခဲ့သော ကြီးမားသည့် လိမ်လည်မှု အစီအစဉ်ကို ဦးဆောင်ခဲ့သည်။
အသက် ၄၇ နှစ်အရွယ်ရှိ ၎င်း၏ ပြစ်မှုဝန်ခံချက်သည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု ကွန်ရက်တစ်ခုကို (၇) နှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မြို့တော် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ချန်ထံမှ စုစုပေါင်း bitcoin ၆၁,၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ရာဇဝတ်မှုဖြင့် ရရှိသော ပိုင်ဆိုင်မှုများ လွှဲပြောင်းနေကြောင်း သတင်းပေးချက် ရရှိပြီးနောက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ဦးဆောင်ခဲ့သည့် စုံထောက်ဆာဂျင် အီဆာဘယ်လာ ဂရိုတို က ချန်သည် (၅) နှစ် အထိ အဖမ်းမခံရအောင် ရှောင်တိမ်းနိုင်ခဲ့သည်ဟု ပြောသည်။
ချန်သည် စာရွက်စာတမ်းအတုများ အသုံးပြု၍ တရုတ်မှ ထွက်ပြေးပြီး ဗြိတိန်သို့ ဝင်ရောက်လာကာ ခိုးယူရရှိသည့်ငွေများကို အိမ်ခြံမြေများ ဝယ်ယူခြင်းဖြင့် ငွေကြေးခဝါချရန် ကြိုးပမ်းခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့က ပြောသည်။
ချန်၏ ရာဇဝတ်မှု လုပ်ငန်းတွင် ပါဝင်ခဲ့သူ ကျန့် ဝမ် ခေါ် တရုတ်အစားအသောက်ဆိုင်မှ အလုပ်သမားတစ်ဦးကို ပြီးခဲ့သည့်နှစ်က (၆) နှစ်နှင့် (၈) လ ထောင်ဒဏ် ချမှတ်ခဲ့ပြီး ဖြစ်သည်။
အသက် ၄၄ နှစ်အရွယ်ရှိ ဝမ်သည် လိမ်လည်မှုမှ ရရှိသည့် ငွေများကို ခဝါချခဲ့ပြီး စားသောက်ဆိုင် အပေါ်ထပ်တွင် နေထိုင်ရာမှ လန်ဒန် မြောက်ပိုင်းရှိ ပေါင် သန်းပေါင်းများစွာတန်သော အငှားအိမ်ကြီး သို့ ပြောင်းရွှေ့ခဲ့ကြောင်း ဘုရင့်ရှေ့နေချုပ်ရုံး (Crown Prosecution Service-CPS) က ယခုနှစ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် သူသည် ဒူဘိုင်း၌ ပေါင် ၅၀၀,၀၀၀ ကျော်တန်ဖိုးရှိ အိမ်ခြံမြေ ၂ ကွက်ကိုပါ ဝယ်ယူခဲ့သည်ဟု CPS ၏ ထုတ်ပြန်ချက်တွင် ပါရှိ သည်။
ရဲတပ်ဖွဲ့က ဝမ်ထံမှ ပေါင် သန်း ၃၀၀ ကျော်တန်ဖိုးရှိ bitcoin များကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ဝမ်က ၎င်းသည် အဆိုပါ အိမ်ခြံမြေများကို တရုတ်မှ အလုပ်ရှင်တစ်ဦးအတွက် ဝယ်ယူခဲ့သည်ဟု ငြင်းဆိုခဲ့သော်လည်း CPS က ကြီးမားသည့် bitcoin ပမာဏနှင့် ယင်းငွေကြေးများ ရရှိခဲ့ပုံ သက်သေအထောက်အထား မခိုင်လုံမှုတို့က ရာဇဝတ်မှုအရင်းအမြစ်မှ ရရှိကြောင်း ညွှန်ပြနေသည်ဟု ပြောကြားခဲ့သည်။
တရုတ်မီဒီယာ Lifeweek မှ ၂၀၂၄ ခုနှစ်တွင် ဖော်ပြခဲ့ရာ၌ ရင်းနှီးမြှုပ်နှံသူများသည် အများအားဖြင့် အသက် ၅၀ နှစ်မှ ၇၅ နှစ်ကြားရှိသူများ ဖြစ်ကြပြီး ချန်မှ မြှင့်တင်သည့် ရင်းနှီးမြှုပ်နှံမှုများတွင် ယွမ်ငွေ “တစ်သိန်းမှ သန်းဆယ်ဂဏန်းအထိ” ထည့်ဝင်ခဲ့ကြကြောင်း သိရသည်။
ထိုအစီအစဉ်များသည် ထိုအချိန်က တရုတ်နိုင်ငံ၌ ခရစ်ပတိုငွေ ၏ လူကြိုက်များမှုကို အခွင့်ကောင်းယူကာ နေ့စဉ် အမြတ်ဝေစုများနှင့် အာမခံ အမြတ်အစွန်းများကို ကတိပေးခဲ့ကြောင်း Lifeweek က ဖော်ပြခဲ့သည်။ ချန်၏ ကုမ္ပဏီက တရုတ်နိုင်ငံအား ဘဏ္ဍာရေးနှင့် နည်းပညာ ဗဟိုချက် ဖြစ်လာစေရန် ကူညီပေးမည်ဟု အခိုင်အမာ ပြောကြားခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ၎င်းတို့၌ ရှိသည်ဟု ဆိုသည့် စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ပြသခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများထဲတွင် လုပ်ငန်းရှင်များ၊ ဘဏ်ဝန်ထမ်းများနှင့် တရားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များလည်း ပါဝင်ခဲ့ပြီး သူငယ်ချင်းများနှင့် မိသားစုဝင်များ၏ တိုက်တွန်းမှုဖြင့် ချန်၏ အစီအစဉ်တွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခံခဲ့ရကြောင်း သတင်းများအရ သိရသည်။
ရင်းနှီးမြှုပ်နှံသူများက “စည်းစိမ်ဥစ္စာ၏ နတ်သမီး” (the goddess of wealth) အဖြစ် ဖော်ပြခံရသော ချန်အကြောင်းကို အနည်းငယ်သာ သိရှိခဲ့ကြသည်ဟု ဆိုသည်။
ချန်အား ပြစ်ဒဏ်ချမှတ်ခြင်းမပြုမီအထိ ချုပ်နှောင်ထားမည်ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်မည့်ရက်ကိုမူ သတ်မှတ်ရသေးခြင်း မရှိပေ။
