တပ်နယ်မှူးတပည့် သန်လျင်အုပ်ကြီးနှင့်ပျူခေါင်းဆောင်တို့ ညီအစ်ကို ဇာတ်တူသား အစားခံရ

ဓာတ်ပုံ-Yangon Thar
ပုံစာ- သန်လျင်မြို့မဈေး နာရီစင်။(ပုံဟောင်း)

ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့ပေါ်တွင် မူးယစ်ဆေးနှင့် ပေါ်တာဆွဲခြင်းဖြင့် စီးပွားဖြစ်နေသော တပ်နယ်မှူး၏ တပည့် အုပ်ချုပ်ရေးမှူးနှင့် ပျူခေါင်းဆောင် တို့ ညီအစ်ကို ကို စစ်တပ်က ဖမ်းဆီးခဲ့ရာ ယနေ့အထိ ပြန်မလွတ်သေးကြောင်း သိရသည်။

သန်လျင်တပ်နယ်မှူး ဗိုလ်ချုပ်ထွန်းလူ၏ တပည့်များဖြစ်သော သန်လျင်မြို့၊မြို့ဟောင်းအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ဇော်ထွေးနှင့် ၎င်း၏အစ်ကို ပျူစောထီး ခေါင်းဆောင် အောင်ဒင်တို့သည် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊မြေကွက်များကို ကျူး ကျော်ရောင်းချခြင်းနှင့် စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ရောင်းစားခြင်းတို့ဖြင့် ချမ်းသာကြွယ်ဝနေကြ သူများဖြစ်ပြီး စက်တင်ဘာ၂၉ရက် ညနေပိုင်း၌ စရဖ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)က ဖမ်းဆီး သွားခဲ့ရာ ယနေ့(အောက်တိုဘာ၃ရက်)အထိ ပြန်မလွတ်သေးကြောင်း ဒေသတွင်းနွေဦးတော်လှန် ရေးစာမျက်နှာ Thanlyin Media ထံက သိရသည်။

“ဒီကိစ္စက အောင်ဇော်ထွေးရော အောင်ဒင်ရော အဲဒီနေ့(စက်တင်ဘာ၂၉ရက်)ညနေကတည်းက စရဖ က ဖမ်းဆီးသွားပြီခင်ဗျ။အုပ်ချုပ်ရေးမှူးရာထူးကနေ ပြုတ်ဖို့ သေချာသလောက်ဖြစ်တယ်” ဟု Thanlyin Media မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

အောင်ဇော်ထွေးသည် တပ်နယ်မှူး ဗိုလ်ချုပ်ထွန်းလူကို ပိုင်သည်ဟုဆိုကာ စီးနေသော လိုင်စင်မဲ့ကား 7F/2497 Caldina ကိုလည်း သိမ်းသွားကြောင်း သိရသည်။

“သူက အုပ်ချုပ်ရေးမှူးလုပ်ပြီးမှ မတရားချမ်းသာသွားတာ။ သူရပ်ကွက်ရုံး လမ်းထဲမှာတင် မူးယစ်ဆေးဝါးကို အကြီးကျယ်ရောင်းချနေတာ၊ သူလိုင်းကြေးပေးထားလို့ မဖမ်းတာလေ။ လူမိုက်တွေမွေးထားပြီး ဆပ်ကြေးတောင်းတာတွေ၊မြေကွက်တွေကို ကျူးပြီး ရောင်းချနေတာ သူအကိုအောင်ဒင်က ပျူစောထီးခေါင်းဆောင်လေ။ ညီအကိုနှစ်ကောင်က ထင်တိုင်းကြဲ သောင်းကျန်နေတာ”ဟု သန်လျင်ပြည်သူတစ်ဦးကပြောကြောင်း Thanlyin Media က ဖော်ပြသည်။

အောင်ဇော်ထွေးသည် မြို့ဟောင်းအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာပင် အချုပ်ခန်းပြုလုပ်ထားပြီး ညဘက်ကင်းပတ်ကာ ပေါ်တာဆွဲလာသူများအား ချုပ်နှောင်ထားလေ့ရှိကာ ရပ်ကွက်အတွင်း လင်မယားချင်းရန်ဖြစ်လျှင်တောင် ယောကျာ်းအား ဖမ်းဆီး၍ စစ်မှုထမ်းထဲ ထည့်ပစ်ကြောင်း သိရ သည်။

စာတည်း-ML