မွန်ဒေသသို့ ရောက်ရှိနေသော ရွှေ့ပြောင်းပျံကျလူငယ်များသည် စစ်မှုထမ်းအတွက် ပစ်မှတ်ထား ဖမ်းဆီးခံနေရဆဲဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မွန်ဒေသတွင်းသို့ ရောက်ရှိနေသော ရွှေ့ပြောင်းပျံကျလူငယ်များကို စစ်အုပ်စုဝင်တို့က ပစ်မှတ်ထား ဖမ်းဆီးကာ စစ်မှုထမ်းဈေးကွက်ထဲသို့ ရောင်းစားနေဆဲဖြစ်ကြောင်း သိရသည်။
“မြို့စွန်တွေမှာနေတဲ့ ရွှေ့ပြောင်း ပျံကျ အလုပ်သမားတွေကျတော့ ဖမ်းလိုက်လည်း နောက်ဆက်တွဲ ဘာပြဿနာမှမရှိဘူး။ကွက်ပျောက်ပဲ။လူမသိဘူး။အသံမထွက်ဘူး။စစ်မှုထမ်းထဲ ပစ်ထည့်လိုက်ရင် သိန်း ၃၀၊၄၀ ရတယ်”ဟု ၎င်းက MPAသို့ပြောသည်။
မော်လမြိုင်နှင့် အနီးဝန်းကျင်မြို့များတွင် စစ်တပ်က ညဘက်ကင်းပတ်စဉ် ဌာနေလူငယ်များကို ဖမ်းမိပါ က ငွေတောင်းရမ်းကာ ပြန်လွှတ်လေ့ရှိသောကြောင့် ပေါ်တာဆွဲသည်ဟူ၍ အသံမထွက်ကြောင်း သိရသည်။
“မွန်မှာ စစ်မှုထမ်းစုဆောင်းတယ်ဆိုတဲ့နေရာမှာ ပေါ်တာဆွဲတယ်ဆိုတဲ့ဟာထက် အုပ်ချုပ်ရေးမှူး လမ်းကြောင်းတွေကနေပြီးတော့ မဲနှိုက်တဲ့ဟာတွေလည်း ရှိတယ်။နောက်တစ်ခုကကျတော့ ဒီမှာ မပြောလည်း အားလုံးသိနေပြီးသား အချက်အလက်ပေါ့လေ။အဲဒါကတော့ ကျနော်တို့ ဘယ်လိုပြောမ လဲ။တစ်အိမ်ကို တစ်လ ဆိုလို့ရှိရင် ဘယ်လောက်နှုန်း ပေးပြီးတော့ပေါ့လေ။အဲလို ပေးပြီးတော့ ပြန် ပြီးတော့ လူဝယ်တယ်ဆိုတဲ့သဘောမျိုး။ဒီလိုပုံစံမျိုးတွေလည်း ကျနော်တို့ တွေ့နေရတယ်”ဟု ရာမ ညဖက်ဒရယ်အင်အားစုသစ်(NRFF)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာ ကပြောသည်။
မွန်ဒေသတွင် စစ်မှုထမ်းသင်တန်းစတင်ကတည်းက စစ်မှုထမ်းဈေးကွက် စတင်ခဲ့ပြီး ဒေသတွင်း ရွှေ့ပြောင်းပျံကျလူငယ်များကို ဖမ်းဆီးခြင်းနှင့် ရန်ကုန်၊ဧရာဝတီနှင့်ပဲခူးတိုင်းဘက်မှ စစ်အုပ်စုဝင် ပွဲ စားများ လာပို့သည့် လူများကို ဝယ်ခြင်းဖြင့် ခွဲတမ်းချခံရသည့် စစ်မှုထမ်းအရေအတွက်အား ဖြည့် ဆည်းလျက်ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူက ပြောသည်။
“အခုအချိန်ထိ စစ်မှုထမ်းသတ်မှတ်ဦးရေကို ဖြည့်နိုင်နေသေးတာဆိုတော့ ဟိုလိုကြီး လိုက်ပြီး ပေါ်တာဆွဲတာမျိုးတွေက မော်လမြိုင်ဘက်ခြမ်းတွေ သိပ်မရှိသေးဘူး”ဟု ၎င်းက ဆက်လက်ပြော သည်။
သထုံမြို့ပေါ်တွင်မူ ည၈နာရီနောက်ပိုင်းမှစတင်ကာ လမ်းမပေါ်သွားလာနေသော ဆိုင်ကယ်များကို တွေ့ပါက စစ်တပ်လှည့်ကင်းကားက လူရောဆိုင်ကယ်ပါ ဖမ်းဆီး၍ စစ်မှုထမ်းထဲသို့ ပို့ဆောင်နေ ကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံစောထူးအောင်က ပြောသည်။
မွန်ဒေသ မြို့နယ်အချို့တွင် မူးယစ်ဆေးနှင့် ညမထွက်ရ အမိန့်ကို ဖောက်ဖျက်သဖြင့် ဖမ်းဆီးခံရသည့် လူငယ်များ အနက် ငွေဖြင့် ပြန်မရွေးနိုင်လျှင် စစ်မှုထမ်းထဲသို့ ပို့ဆောင်ခံရခြင်းများ ရှိသလို လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူအချို့လည်း စစ်မှုထမ်းထဲသို့ အပို့ခံရခြင်းများရှိကြောင်း ရာမ ညဖက်ဒရယ်အင်အားစုသစ်(NRFF)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာကဆိုသည်။
“စစ်ကြောင်းထိုးတယ်။စစ်ကြောင်းထိုးရင်းကနေပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဟာမျိုးတွေပေါ့လေ။အဲဒီထဲမှာလည်း တချို့သောသူတွေကို ငွေပေးပြီး ပြန်လွှတ်တာမျိုး ရှိပေမဲ့ တချို့တွေကို ဆက်လက်ဖမ်းဆီးထားတယ်ဆိုတဲ့ဟာမျိုး တွေ့ရတယ်။အကုန်လုံးကိုတော့ စစ်မှုထမ်းစုဆောင်း လိုက်တယ်ဆိုပြီး သိမ်းကျုံးပြောဖို့ ခက်ခဲပေမဲ့ ဒီထဲမှာ အနည်းနဲ့ အများကတော့ စစ်မှုထမ်းစုဆောင်း ခံရတဲ့အထဲ ပါသွားတယ်ပေါ့လေ”ဟု ၎င်းက ဆက်လက်ပြောသည်။
မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်တွင် လစဉ် တစ်အိမ်ထောင်လျှင် စစ်မှုထမ်းကြေး ၂သောင်းမှ ၃သောင်းအထိ ပေးနေရပြီး စစ်မှုထမ်းလူဌားခအဖြစ် တစ်ဦးလျှင် ကျပ်၅၅သိန်းဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူက ပြောသည်။
