ချောင်းဦး ဆီမီးသပိတ် ဗုံးကြဲခံရမှု သေဆုံးသူ ၄၀ကျော်ရှိလာ၊ သေဆုံးသူများကို မိသားစုဝင်များက အဝတ်အစားကြည့် ဆုံးဖြတ်ရဟုဆို

ဓာတ်ပုံ-CJ
ပုံစာ-ဗုံးကြဲခံရသည့်နေရာတွင် တွေ့ရသော ဖိနပ်တစ်ဖက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဆီမီးသပိတ် ဗုံးကြဲခံရမှုကြောင့် သေဆုံးပြည်သူ ၄၀ကျော်ပြီ ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ ၆ရက်၊ သီတင်းကျွတ်လပြည့်နေ့ည ၈နာရီဝန်းကျင်တွင် ချောင်းဦးမြို့နယ်၊ ဗုံတိုရွာ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆီမီးသပိတ်ပြုလုပ်နေစဉ် မုံရွာနမခမှ တက်လာသည့် ပါရာမော်တာဖြင့် ၁၂၀မမ ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” မနေ့ညက အဲဒီရွာမှာ သပိတ်အင်အားစုတစ်ခုကလုပ်တဲ့ ညဆီမီးသပိတ်ရှိတယ်ဗျ။ Paramotor က နဂါးတွင်း(မုံရွာမြို့နယ်)ဆိုတဲ့ရွာကိုဖြတ်တော့ကို အဲဘက်ရွာက သတိထားမိပုံမရဘူးဗျ။ သတင်းဌာနတွေကလည်း စက်ပေါက်တယ်ဗျ။ ဘောက်တွေတော့ဖွင့်ထားတယ်လို့ ပြောသံကြားတယ်ဗျ။ သပိတ်လုပ်နေတဲ့အလယ်ကို ကျတာဗျ။ Paramotor ပေါ်ကချတဲ့ အလုံးက ” ဟု ‌ဒေသတွင်း PDFရဲဘော်တစ်ဦးက MPA ကိုပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်ပြီး ဒဏ်ရာရသူ ၅၀ ဝန်းကျင်ရှိကြောင်းသိရသည်။

” အခုမနက်ထိ သေဆုံးသူက ၄၀အထက်မှာရှိတယ်လို့သိရတယ်ဗျ။ မနေ့ညကနဲ့ ညတွင်းချင်းတန်းသေတဲ့သူက ၁၃ယောက်လောက်ရှိတယ်ဗျ။ ရွာတွေကတော့ အစုံပဲဗျ။ အဲနားက နီးစပ်တဲ့ရွာကလူတွေလာကြမယ်ထင်တယ်ဗျ။ မနေ့ညကလပြည့်နေ့ ဆီမီးရောထွန်းကြတာဆိုတော့ ကလေးတွေ လူငယ်တွေအများဆုံးထိကြမယ်ထင်တယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။

သေဆုံးသူများကို မိသားစုဝင်များက အဝတ်အစားကြည့်ကာ ဆုံးဖြတ်ရကြောင်းသိရသည်။

” တချို့တလေဆိုရင် လက်ပြတ် ခြေပြတ်တွေရော။ ဦးခေါင်းပြတ်တဲ့အထိပါဖြစ်တဲ့သူတွေပါတယ်ဗျ ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်နောက်ပိုင်းကတည်းက ယင်းဒေသများသို့ စစ်ကော်မရှင်ဘက်က ခြေလျင် စစ်ကြောင်းလာရန် ခဲယဉ်းသွားသဖြင့် လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်သည့် နေရာဖြစ်ကြောင်းသိရသည်။

” အဲတော့ လူကတော့ရွာပေါင်းစုံလောက်မယ်ဗျ။ ပွဲတော်ကြီး တစ်ခုလိုတော့ဖြစ်သွားမှာဗျ။ တစ်ရွာနဲ့တစ်ရွာကလည်း ဆက်နေတာရော မနေ့ညက အခါကြီးရက်ကြီးနေ့ဆိုတော့ လူကတော့များမှာဗျ။ ဆီမီးထွန်းတဲ့သူတွေရောဆိုတော့” ဟု ၎င်းကပြောသည်။

ဒဏ်ရာရသူများထဲတွင် ခြေလက်အင်္ဂါ ထိခိုက်ထားသူများရှိသလို ဒဏ်ရာပြင်းထန်သူများလည်းရှိသဖြင့် သေဆုံးစာရင်းထပ်မံတိုးလာနိုင်ကြောင်းသိရသည်။