တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရသဖြင့် နှလုံး၊ ဆီးချို၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကျဆုံးခဲ့ကြောင်းသိရသည်။
၅၀၅-ကနှင့် ပေါက်ကွဲ-၅တို့ဖြင့် မတရားထောင်ဒဏ်၈နှစ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး(၄၈နှစ်)သည် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် အောက်တိုဘာ ၃ရက်တွင် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMက ယနေ့(အော်တိုဘာ ၇ရက်) သတင်းထုတ်ပြန်သည်။
” ထားဝယ်အကျဉ်းထောင်မှာ ထောင်ဆေးရုံမရှိပါဘူးဗျ။ အဲ့မှာ ဆေးရုံမရှိတဲ့အတွက် အရေးပေါ်ကျန်း မာရေး ဖြစ်တဲ့သူတွေကိုသာ ပြင်ပဆေးရုံပို့ရတဲ့ အခြေအနေမျိုးတွေဖြစ်ပါတယ်။ ဒါကြောင့်မလို့ ပြင်ပဆေးရုံတွေကို မကြာခဏဆိုသလို သွားရောက်ကုသခွင့်ခံယူနေရတဲ့ အခြေအနေတစ်ခုကို လုပ်ဆောင်နေတဲ့သူဖြစ်ပါတယ်ဗျ။ ဆုံးသွားတာကလည်း ပြင်ပဆေးရုံမှာဆုံးသွားတယ်လို့ ကျနော်တို့ စုံစမ်းသိရှိထားရပါတယ်” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။
ကိုအောင်ကိုဦးသည် မူလရောဂါအခံကြောင့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေစဉ် မကြာခဏ ဆေးဝါးကုသမှု ခံနေရသူဖြစ်ကြောင်းသိရသည်။
” သူရဲ့ရောဂါမှာတော့ နှလုံးတို့၊ ဆီးချိုတို့ ဒီလိုရောဂါတွေကတော့ နဂိုကတည်းကရှိတယ်လို့ ကျနော်တို့သိရပါတယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ကိုအောင်ကိုဦးသည် ၂၀၂၁အစောပိုင်းကာလက အာဏာသိမ်းစစ်တပ်ကို ငြိမ်းချမ်းစွာဆန္ဒပြသည့် လှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့ရာ ၂၀၂၁ခုနှစ်၊ မေလ ၁၄ရက်၌ ရှင်မုတ္ထီးရွာနေအိမ်တွင် စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
ယခုနှစ်အတွင်း အကျဉ်းထောင်များ၌ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရသဖြင့် ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၄ဦး ရှိပြီဖြစ်သည်။
