၉ လအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်း ၂၀၀၀ ကျော်ရှိ

ဓာတ်ပုံ-MOD
ပုံစာ- ဇွန်၂၆ရက်တွင် ကျောက်ကြီးမြို့နယ်တိုက်ပွဲအတွင်း ဖမ်းဆီးမိသော စစ်သုံ့ပန်းများ

၂၀၂၅ခုနှစ်၊ ၉လတာအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်း ၂၀၀၀ကျော်ရှိပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင် က သတင်းထုတ်ပြန်သည်။

၂၀၂၅ခုနှစ်၊ဇန်နဝါရီမှ စက်တင်ဘာအထိ အလင်းဝင်နှင့်စစ်သုံ့ပန်း ၂၁၂၁ဦးရှိကြောင်း သိရသည်။

“စကမ(စစ်ကော်မရှင်)တွေရဲ့ ရွေးစရာမရှိတဲ့ အကောက်ကြံပွဲကြီး(ရွေးကောက်ပွဲ)က အောက်ခြေ နင်းပြားတွေရဲ့ဘဝကို ဘာမှ ပြောင်းလဲမပေးနိုင်တာ ကတုတ်ကျင်းထဲ အိပ်မက်ဆိုးမက်နေရတဲ့ ကျန်ရဲဘော်တွေ သိသင့်ကြပါပြီ”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။

စစ်ကော်မရှင် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ၏ ရာထူးအချွတ်အလဲ သတင်းများနှင့်အပြိုင် အောက်ခြေ စစ်သည်များ၏ ပြည်သူ့ဘက် အလင်းဝင်၊ကူးပြောင်းမှု သတင်းများကလည်း အစဉ်အလာမပျက် ရှေ့ဆက်နေကြဆဲဖြစ်ကြောင်းလည်း ဆိုသည်။

“တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်တပ်က စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေတာကို မ ချေဖျက်နိုင်သေးဘူးဆိုတော့ စစ်သားတွေ အလင်းဝင်လာအောင် ထိရောက်အားကောင်းတဲ့ဗျူဟာ တွေချပြီး သေချာအားစိုက်လုပ်ဆောင်ကြဖို့ လိုမယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ် ဦးက MPAသို့ပြောသည်။

စက်တင်ဘာစတုတ္ထပတ်အတွင်း စစ်မှုထမ်းတပ်သားသစ်၁၄ဦး အလင်းဝင်လာပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၁၈ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။

စစ်ကော်မရှင်က လစဉ် အဓမ္မစုဆောင်းရရှိသည့် စစ်မှုထမ်းအရေအတွက်သည် ခန့်မှန်းသည်ထက် ပို မိုများပြားပြီး အလင်းဝင်နှင့် ထွက်ပြေးလွတ်မြောက်လာသူ ရာခိုင်နှုန်းအနည်းငယ်သာရှိကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က သတင်းထုတ်ပြန်ထားသည်။

စစ်တပ်၏ ဝါဒဖြန့်ခြိမ်းခြောက်မှုများကို ယုံကြည်ကြောက်ရွံ့ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ မည်သို့ ဆက်သွယ်ရမည်ကို မသိရှိခြင်း၊ ဆက်သွယ်ရန် မလွယ်ကူခြင်း နှင့် သတင်းအချက်အလက် ရရှိသိရှိမှု နည်းပါးခြင်းများက စစ်မှုထမ်းတပ်သားများ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲနေသည့် အဓိကအကြောင်းရင်းများ ဖြစ်ကြောင်း MDSI က သုံးသပ်သည်။