မင်းလှမြို့အနီးတွင် ကပ်ထားသော မဲစာရင်းကို PDF မီးရှို့ဖျက်ဆီး

ဓာတ်ပုံ - သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂
ပုံစာ - ရွေးကောက်ပွဲမဲစာရင်းများကို မီးရှို့ဖျက်ဆီးခဲ့စဉ်

ပဲခူးတိုင်း၊ မင်းလှမြို့အနီး ဆင်တဲကုန်းရွာတွင် ကပ်ထားသော တရားမဝင် ရွေးကောက်ပွဲမဲစာရင်းကို PDFတို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၆ရက်၊ ည ၁၁နာရီခွဲခန့်တွင် မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာ၊ လူငယ်အားမာန် စာကြည့်တိုက်၌ တရားမဝင်ရွေးကောက်ပွဲအတွက် စစ်ကော်မရှင်ထုတ်ပြန်ထားသည့် မဲစာရင်းများကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ကသတင်းထုတ်ပြန်သည်။

” ဘယ်ချိန်မှာလာကပ်တယ်ဆိုတာက ပြောပြလို့မရဘူးခင်ဗျ။ ကျနော်တို့လည်း ကျနော်တို့ရဲ့ ပက်သက်မှုတွေ တော့ရှိပါတယ်။ ဒါတွေဒီလိုလုပ်နေပါတယ် ပြောတယ်။ ပြောတဲ့အချိန်မှာပဲ အဆင်ပြေရင်ပြေသလိုလာခဲ့မယ်၊လုပ်မယ်ဆိုတာတွေတော့ရှိပါတယ်” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲမှူး ဗိုလ်တိမ်တိုက်က MPA သို့ပြောသည်။

ယင်းသို့ မဲစာရင်းစာရွက်များကို မီးရှို့ဖျက်ဆီးပြီးနောက် မင်းလှမြို့မရဲစခန်းမှ စစ်သားနှင့်ပျူစောထီး ၇ဦးတို့ ယနေ့(အောက်တိုဘာ ၇ရက်)တွင် ဆင်တဲကုန်းရွာသို့
ရောက်လာကာ စစ်ဆေးမှုများပြုလုပ်ပြီး ရွာ၌ စစ်တပ် အထိုင်ချမည်ဟု ပြောဆိုသွားကြောင်း သိရသည်။

“ရပ်မိရပ်ဖတွေကိုခေါ်တယ်။ အရင်က ဘယ်သူဘာလုပ်လဲပေါ့။ နိုင်ငံရေးနဲပတ်သက်တဲ့သူတွေကို မေးမယ် စမ်းမယ်ဆိုတာတွေလုပ်နေတယ်။ ခုနေ့ပါပဲ။ စကစ ဘက်က တပ်စွဲ အထိုင်ချဖို့ထိ စီစဉ်နေပါတယ်။ ခုနေ့လာတဲ့ ခွေးတွေ၊ပျူတွေပြန်ရင် နောက်ထပ် ထပ်လာမယ်လို့လည်း ပြောပါတယ်။ အထိုင်ချဖို့အတွက်က ရွာက အထိုင်မချဖို့အတွက် တောင်းပန်ထားပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ဆင်တဲကုန်းရွာသည် စစ်တပ်စိုးမိုးထားသည့်ရွာဖြစ်ပြီး မင်းလှမြို့ပေါ်နှင့် ၃မိုင်သာဝေးသည်။