စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ရှောင်လင်မယား ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၃၁ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းမှ စစ်သားနှင့်ပျူ ပူးပေါင်းအင်အား ၁၀၀ ခန့်တို့သည် ပုဏ္ဏားကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့ပြီး ပုဏ္ဏားကြီးရွာမှ စစ်ရှောင်လင်မယားဖြစ်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ပါးစပ်နှင့်ဦးခေါင်းကို ဓားဖြင့် လှီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“ကိုးတောင်ဘို့တိုက်နယ်က ရွာတွေက အဝေးမရှောင်ကြပါဘူးဗျ။ သူတို့လယ်တော၊ ယာတော ဘက်မှာပဲ တဲဆောက်နေကြတာ ရွာတွေနဲ့မဝေးပါဘူး။သေသွားတဲ့ လင်မယားက အဲဒီ့လိုရှောင် နေရင်း စစ်ကြောင်းနဲ့တိုးတာ။အလောင်းကိုဓားနဲ့ လှီးထားတာတွေရှိပါတယ်။ပစ်သတ်ပြီး ပါးစပ်တွေ ခေါင်းတွေကို ဓားတွေနဲ့ ဖြဲထားတာ ရက်ရက်စက်စက်ပါပဲ”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် ပုဏ္ဏားကြီးရွာသို့ စစ်ကြောင်းထိုးလာသည့် လမ်းတစ်လျှောက်ရှိ ဦးကင်းကြည်နှင့်နှောကုန်းရွာတို့ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့ကာ ပုဏ္ဏားကြီးရွာအနီးရှိ စစ်ရှောင်တဲ ၄ လုံးအား မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။
“သူတို့စစ်ကြောင်းထိုးလို့လွယ်အောင် ပြည်သူထိလည်း အရေးမကြီးဘူးဆိုပြီး (ဗုံးသီး)ချတဲ့သဘော ပါဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းကို ပုဏ္ဏားကြီးရွာအရှေ့ဘက်တွင် ဒေသခံ ပကဖနှင့် PDF ပူးပေါင်းတပ်များက စောင့်ကြိုပစ်ခတ်ခဲ့ရာ တစ်နာရီခွဲကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဝင် ၅ဦးအား လှည်းနှင့်ထမ်းစင် ၂ခုတို့ဖြင့်သယ်ဆောင်သွားသည်ကို မြေပြင်သတင်းပေးပို့ချက်များအရ သိရကြောင်း ထုတ်ပြန်ထားသည်။
ယင်းစစ်ကြောင်းသည် ဩဂုတ် ၃၁ ရက်၊ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ချပ်သင်းအထိုင်စခန်းသို့ ပြန်ဝင်သွားကြောင်း သိရသည်။
စစ်သားများ၏ ထိခိုက်ကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
