CNN
ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့တောင်ဘက် ကမ်းလွန်ကို ဗဟိုပြု၍ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ပြင်းအား ၇.၄ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက အသက်အန္တရာယ်ရှိသော ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။
အမေရိကန် ဘူမိဗေဒ စစ်တမ်း (US Geological Survey – USGS) ၏ ထုတ်ပြန်ချက်အရ အဆိုပါ ငလျင်သည် မင်ဒါနာအိုကျွန်း၏ အရှေ့ဘက်ကမ်းလွန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါကျွန်း၏ အကြီးဆုံးမြို့ဖြစ်သည့် ဒါဗာအို မှ ၁၂၃ ကီလိုမီတာ (၇၉ မိုင်) အကွာ၊ မြေအောက် ၅၈.၁ ကီလိုမီတာ (၃၆ မိုင်) အနက်ကို ဗဟိုပြုခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်တိုင်းတာရေး အင်စတီကျူးရှင်း (Philippine Institute of Volcanology and Seismology – Phivolcs) က ဖိလစ်ပိုင်၏ အရှေ့ပိုင်းနှင့် တောင်ပိုင်း ကမ်းရိုးတန်းဒေသများရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် သတိပေးခဲ့ပြီး “အသက်အန္တရာယ်ရှိသော လှိုင်းအမြင့်များနှင့် အတူ အဖျက်စွမ်းအားကြီးသော ဆူနာမီ ဖြစ်ပေါ်လာမည်” ဟု ပြောကြားခဲ့သည်။ ငလျင်၏ ပြင်းအားကို ၇.၆ အဆင့် ဟု သတ်မှတ်ထားသည်။
အမေရိကန် ဆူနာမီ သတိပေးစနစ်က ဖိလစ်ပိုင်နိုင်ငံ၏ အချို့သော အစိတ်အပိုင်းများအတွက် ၁ မီတာမှ ၃ မီတာအထိ လှိုင်းအမြင့်များ ဖြစ်နိုင်ကြောင်း သတိပေးထားပြီး၊ အင်ဒိုနီးရှား ကမ်းရိုးတန်းအချို့နှင့် ကျွန်းနိုင်ငံဖြစ်သည့် ပလောင်း တို့တွင်လည်း ၃၀ စင်တီမီတာမှ ၁ မီတာအထိ လှိုင်းများ မြင်တွေ့ရနိုင်သည်။
ငလျင်လှုပ်ခတ်ချိန်မှ ရိုက်ကူးထားသော ထိတ်လန့်ဖွယ် ဗီဒီယိုများနှင့် ပုံရိပ်များက နေထိုင်သူများ အဆောက်အအုံများအတွင်းမှ အလုအယက် ထွက်ပြေးလာကြသည်ကို သို့မဟုတ် ၎င်းတို့အောက်ရှိ မြေပြင် ပြင်းထန်စွာ လှုပ်ခါနေချိန်တွင် ဟန်ချက်ထိန်းရန် ကြိုးစားနေကြသည်ကို နေရာအများအပြား၌ ပြသနေသည်။
ယနေ့ နံနက်တွင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အာဏာပိုင်များအနေဖြင့် မြေပြင်အခြေအနေကို အကဲဖြတ်နေပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ပြင်ဆင်နေကြောင်း Reuters သတင်းဌာနကို ပြောကြားခဲ့သည်။
“လိုအပ်နေသူတိုင်းဆီကို အကူအညီတွေ ရောက်ရှိဖို့အတွက် ကျွန်တော်တို့ အချိန်ပြည့် လုပ်ဆောင်နေပါတယ်” ဟု မားကို့စ်က ပြောသည်။
နိုင်ငံသည် လွန်ခဲ့သော နှစ်ပတ်ပင် မပြည့်သေးမီက အလယ်ပိုင်း စီဘူး ကျွန်းအနီးတွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်ဒဏ်မှ ပြန်လည် နာလန်ထူရန် ကြိုးစားနေဆဲ ဖြစ်သည်။
ပြင်းအား ၆.၉ အဆင့်ရှိသော အဆိုပါ ငလျင်သည် ဆယ်စုနှစ်တစ်ခုအတွင်း ဖိလစ်ပိုင်၌ လူအသေအပျောက် အများဆုံး ငလျင်ဖြစ်ခဲ့ပြီး သေဆုံးသူ ၇၂ ဦးထက်မနည်းရှိခဲ့ကာ ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရသလို ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း Reuters သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
