ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့မြောက်ခြမ်း ပျူစောထီးခေါင်းဆောင်ကို PDF တို့ဖမ်းဆီးရမိပြီးနောက် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။
ပြည်မြို့နယ်၊ ခွေးရဲချင်ရုပ်ကုန်းရွာက ပျူစောထီးခေါင်းဆောင်လှမြင့်ကို အောက်တိုဘာ ၆ရက်၊ နံနက် ၁၀နာရီခန့်တွင် ဝန်တင်ဆိပ်ကျေးရွာအနီး၌ ဖမ်းဆီးရရှိပြီး ခေါ်ဆောင်လာစဉ် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရကြောင်း ပြည်ခရိုင်တပ်ရင်း ၂က ယနေ့(အောက်တိုဘာ၁၀ရက်)သတင်းထုတ်ပြန်သည်။
” ဒီဘက်ခြမ်းတွေကျ လမ်းကမကောင်းဘူးလေ။ တောမြေဘက်တွေကျ ဆိုင်ကယ်ကစီးလို့ သိပ်အဆင်မပြေဘူး။ တချို့နေရာတွေကျ လမ်းလျှောက်သွားရတဲ့နေရာတွေ ရှိတယ်ပေါ့နော်။ ဖမ်းဆီးပြီး လာတဲ့အချိန် လမ်းမှာပေါ့နော်။ လမ်းမှာထွက်ပြေးတာပါ”ဟု ပြည်ခရိုင်တပ်ရင်း ၂၊ ပြန်ကြားရေးတာဝန်ခံ Red Star က MPA သို့ပြောသည်။
ယင်းပျူစောထီးခေါင်းဆောင်ထံမှ ခဲထည့်၍ပစ်ရသည့် CO2 Gas သုံး ပစ္စတိုသေနတ် တစ်လက်၊ ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
” ကျွန်တော်တို့ လှမြင့်ဆီကသိမ်းဆည်းရမိတဲ့ဖုန်းကနေတဆင့် ပေါင်းတလည်နယ်မြေနဲ့ ဝက်ထီး ကန်နယ်မြေက ရပ်ကွက်၊ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စာရင်းတွေရရှိထားပါပြီ။ စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝိုင်းဝန်းကူညီသူမှန်သမျှကို စုံစမ်းပြီးထိရောက်စွာအရေးယူသွားပါမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပျူစောထီးခေါင်းဆောင် လှမြင့်နေထိုင်သည့် ခွေးရဲချင်ရုပ်ကုန်းကျေးရွာနှင့် ဖမ်းဆီးခဲ့သည့် ဝန်တင်ဆိပ်ကျေးရွာသည် စစ်တပ်စိုးမိုးထားသည် နယ်မြေဖြစ်သည်။
လှမြင့်သည် ပေါင်းတလည်မြို့မြောက်ခြမ်း၏ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ဝင်းဇော်သည် တောင်ခြမ်း၏ ပျူစောထီးခေါင်းဆောင်ဖြစ်ကြောင်းသိရသည်။
လှမြင့်သည် ပျူစောထီးအဖွဲ့ဝင်များစုဆောင်းခြင်း၊ ကျေးရွာအတွင်းရှိ လူငယ်များ၏ အချက်အလက်များကို ပေါင်းတလည်ရဲစခန်းနှင့် စစ်ကော်မရှင်ထံသို့ ပေးပို့ခြင်း၊ တရားမဝင်ရွေးကောက်ပွဲကို ကူညီခြင်း၊ ၎င်းဦးစီးသောအဖွဲ့က ပေါင်တလည်မြို့ပေါ်နှင့် ကျေးရွာများတွင် ဧည့်စာရင်းစစ်ခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းသစ်ခေါ်ယူခြင်းနှင့် ပေါ်တာဆွဲဖမ်းဆီးခြင်းတို့တွင် အဓိကပါဝင်သူဖြစ်ကြောင်းသိရသည်။
ယင်းဖမ်းဆီးမှုကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း ၂နှင့် ပြည်ခရိုင်တပ်ရင်းတစ်မှ ရဲဘော်များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စာတည်း-ML
