လုံခြုံမှု ကင်းမဲ့လာခြင်းကြောင့် မြန်မာလူငယ်များ၏ စိတ်ကျန်းမာရေး ထိခိုက်မှု မြင့်တက်လာဟု UNDP သတိပေး

Photo - Than Lyan / MPA

UNDP

မြန်မာနိုင်ငံ၏ လုံခြုံမှုမရှိခြင်း၊ စီးပွားရေးအခက်အခဲ၊ နေရပ်စွန့်ခွာရမှုနှင့် စိုးရိမ်ထိတ်လန့်မှုများသည် လူသားလုံခြုံရေးကို ထိခိုက်စေရုံသာမက လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်ပျက်စီးစေသည် ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၏ အစီရင်ခံစာက ဆိုသည်။

ယနေ့ (အောက်တိုဘာလ ၁၀ရက်) ထုတ်ပြန်လိုက်သည့် “A Generation on Edge: Youth Safety and Well-being in Myanmar” အစီရင်ခံစာတွင် အထက်ပါအတိုင်း ဖော်ပြထားသလို ယခုအခါ မြန်မာလူငယ် ၂သန်းခွဲနီးပါး သည် ၎င်းတို့၏ လုံခြုံရေးအတွက် အမြဲတမ်းနီးပါး ကြောက်ရွံ့နေကြရပြီး၊ ၆သန်းကျော် သည် ညအချိန်၌ လုံခြုံမှုမရှိဟု ခံစားနေရကြောင်းလည်း ဆိုသည်။

လူငယ် ၇ ဦးလျှင် ၁ ဦးနီးပါး (အရေအတွက် ၂သန်းခွဲနီးပါး) သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် အမြဲတမ်းနီးပါး စိုးရိမ်နေကြပြီး လူငယ် ၁၀ ဦးလျှင် ၄ ဦး (၆ သန်းကျော်) သည် ညဘက်တွင် တစ်ယောက်တည်း သွားလာရန် လုံခြုံမှုမရှိဟု ခံစားရကြောင်း ဆိုသည်။

လူငယ် ၃ ဦးလျှင် ၁ ဦးနီးပါးက မကြာခဏ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဖိစီးမှုများ ရှိပြီး အဆိုပါ ပမာဏမှာ မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှု အခံရဆုံး ပြည်နယ်များဖြစ်သည့် ကယားပြည်နယ်တွင် ရာခိုင်နှုန်း၆၀ကျော် နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၄၀-၄၅ ရာခိုင်နှုန်း အထိ ရှိနေကြောင်း ထူးခြားချက်အနေနှင့် အမျိုးသမီးများထက် အမျိုးသားလူငယ်များက လုံခြုံမှုမရှိဟု ပိုမိုပြောကြား နေကြပြီး၊ မသန်စွမ်း အမျိုးသမီးလူငယ်များ မှာမူ အကြောက်တရားနှင့် ထိခိုက်လွယ်မှု အမြင့်ဆုံးအဆင့်ကို ရင်ဆိုင်နေရကြောင်း သိရသည်။

ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်နှင့် UNDP အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီဝစ်ဂနာရာဂျာက “အကြမ်းဖက်မှုတွေ၊ အဓမ္မ စစ်မှုထမ်းခိုင်းခံရတာတွေ၊ အလုပ်အကိုင် အလားအလာ မကောင်းတာတွေ ဒါမှမဟုတ် မနက်ဖြန် ဘာဖြစ်မယ်မှန်း မသိရတာတွေကြောင့် စိုးရိမ်ပူပန်မှုက နေ့စဉ်ဘဝရဲ့ လက်တွေ့အဖြစ် ဖြစ်နေပါတယ်။ ဒါဟာ မြန်မာလူငယ်အများစုအတွက် ရင်းနှီးပြီးသား အဖြစ်မှန်ပါပဲ” ဟု ပြောသည်။
မူးယစ်ဆေးဝါး ပျံ့နှံ့ခြင်း နှင့် အတင်းအကျပ် စစ်သားစုဆောင်းရန် ပြန်ပေးဆွဲခံရမည်ကို စိုးရိမ်ခြင်း တို့သည် လူငယ်များကြားတွင် အရေးအကြီးဆုံး လုံခြုံရေးစိုးရိမ်ပူပန်မှု နှစ်ခုအဖြစ် ရှိနေသည်။

အမျိုးသားလူငယ်များသည် အလုံးစုံ လုံခြုံမှုမရှိခြင်းကို ပိုမိုခံစားရသော်လည်း အဓိကအားဖြင့် အဓမ္မ စစ်သားစုဆောင်းခံရမည်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့အပြင် ရာဇဝတ်မှု ကြုံတွေ့ခဲ့ရသော လူငယ် ၅ ဦးလျှင် ၄ ဦးကျော်သည် ကြောက်ရွံ့မှု၊ အရှက်ရမှုနှင့် ဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှုမရှိခြင်း တို့ကို ထောက်ပြကာ မိသားစုအပြင်ဘက်သို့ ထုတ်ဖော်ပြောခြင်းမရှိကြပေ။

“မြန်မာလူငယ်တွေဟာ မမြင်နိုင်တဲ့ ဒဏ်ရာတွေ ကို ထမ်းပိုးထားကြရတယ်” ဟု ကန်နီဝစ်ဂနာရာဂျာက ပြောသည်။

လုံခြုံမှုမရှိဘဲ၊ အနာဂတ်အတွက် အလားအလာမရှိဘဲ လူငယ်များ၏ တည်ငြိမ်မှုနှင့် ခံနိုင်ရည်တို့ ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်သောကြောင့် စိတ်ကျန်းမာရေးနှင့် လူသားလုံခြုံရေးသည် အနီးကပ် ဆက်နွှယ်နေကြောင်း အစီရင်ခံစာတွင် အလေးထား ဖော်ပြသည်။

အခက်အခဲများကြားမှပင် လူငယ်များ၏ ထက်ဝက်နီးပါးသည် ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်အတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်ပြီး၊ သုံးပုံနှစ်ပုံမှာ ငြိမ်းချမ်းရေး ဖြစ်နိုင်သေးသည်ဟု ယုံကြည်နေဆဲဖြစ်သည်။

ယခုအစီရင်ခံစာသည် UNDP က မြန်မာလူငယ်များဆိုင်ရာ စီးရီးအစီရင်ခံစာများထဲမှ တတိယမြောက် ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးမှ လူငယ် ၇,၀၀၀ ကျော်၏ အသံများကို အခြေခံထားသည်။