စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့စွန်တွင် စစ်သားများကို PDF တိုက်ခိုက်ခဲ့ရာ ၃ဦးသေဆုံးကာ သေနတ် ၃လက်သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယနေ့ (အောက်တိုဘာ ၁၀ရက်) နံနက် ၇နာရီ ၁၀မိနစ်ခန့်တွင် မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် လမ်းပိုင်းကင်းယူရန် ထွက်လာသည့် စစ်သား ၄ဦးကို ချောင်းဦးမြို့၊ သံလွင်မြန်မာဆီဆိုင်အနီး၌ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပကဖ တိုက်ခိုက်ရေးတပ် CHU PDFက သတင်းထုတ်ပြန်သည်။
” ချောင်းဦးမြို့ထဲနေထွက်လာတာဗျ။ ချောင်းဦးမြို့ထဲကနေ ဆိုင်ကယ် ၄စီးနဲ့ စစ်ကော်မရှင် စစ်သား ၄ယောက်နဲ့ ထွက်လာတော့ သံလွင်မြန်မာဆိုတဲ့ ဆီဆိုင်နားမှာ ကျနော်တို့ဘက်က စောင့်ကြိုတိုက်ခိုက်တာပေါ့” ဟု ချောင်းဦးမြို့နယ်ပကဖ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
တိုက်ခိုက်မှုသည် မိနစ်ပိုင်းသာကြာမြင့်ပြီး စစ်သားများဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ တစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
” ကျန်တဲ့တစ်ယောက်ကလည်း သေနိုင်ခြေတော့ရှိတယ်ပေါ့နော်။ ဒဏ်ရာပြင်းနဲ့ထွက်ပြေးသွားတာ။ ပြီးတော့ နောက်ထပ်လည်း သူတို့ဘက်က စစ်ကူရောက်လာတဲ့အတွက် ကျနော်တို့ဘက်က ရဲဘော်တွေ ပြန်ဆုတ်ခွာခဲ့ရတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
သံလွင်မြန်မာဆီဆိုင်သည် ချောင်းဦးမြို့နှင့် ၂မိုင်ကျော်သာဝေးကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် ဆိုင်ကယ် ၄စီး၊ BA 63သေနတ် ၃လက်၊ကျည်ဆန်အချို့၊
ကျည် ဘောက် ၁၀ခု၊ ကျည်ကာဦးထုပ် ၃လုံး၊ လက်ပစ်ဗုံးတစ်လုံးနှင့် လက်ကိုင်ဖုန်း ၄လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် Special Force 11(LPDF) အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
