နတ်လင်းပျူရွာအနီး စစ်တပ်ကင်းပုန်း တိုက်ခိုက်ခံရပြီးနောက် ဒုဗိုလ်မှူးကြီးအဆင့် ရောက်လာကာ အင်အားလည်း ထပ်တိုး

ဓာတ်ပုံ - သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄ Bamar Revolution Army
ပုံစာ - Bamar Revolution Armyမှ တိုက်ပွဲဝင်ရဲဘော်များ။ (ပုံဟောင်း)

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ပျူစောထီးရွာအနီးတွင် စစ်အုပ်စု ကင်းပုန်း တိုက်ခိုက်ခံရပြီး နောက် ဒုဗိုလ်မှူးကြီးအဆင့်ရောက်လာကာ အင်အားလည်း ထပ်တိုးထားကြောင်းသိရသည်။

အောက်တိုဘာ ၁၀ရက်၊ ည ၁၀နာရီခွဲခန့်တွင် နတ်လင်းမြို့နယ်၊ ဆဲကန် ပျူရွာထိပ်တွင် အင်အား ၃၀ဝန်းကျင်ဖြင့် ကင်းပုန်းဝပ်နေသည့် စစ်အုပ်စုဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄ Bamar Revolution Army အဖွဲ့ထံက သိရသည်။

” မနေ့က နေ့လယ်လောက်က ဆဲကန်ရွာမှာ စခတွေ ဆိုင်ကယ်တွေကိုစစ်နေကြတယ်လို့ကြားတယ်။ အင်အား ၁၀၀ ဝန်းကျင်ရှိမယ်ဗျ။ ညနေကျတော့ သူတို့ရဲ့အထိုင်ချတပ်စွဲထားတဲ့ ပျဥ်ပုံပျူစောထီးရွာ ကို ပြန်ဆုတ်သွားပြီလို့ ကြားတယ်။ ညက ကျနော်တို့တပ်ဖွဲ့ကရဲဘော်တွေ ပတ်ကင်းလှည့်တော့ ဆဲကန်ရွာအနားမှာ စခကင်းပုန်းနဲ့တွေ့တယ်။ လကသာနေတော့ ကျနော်တို့ဘက်ကလည်း မီးမထိုး ဘဲ သွားတာလေ။ သူတို့ကင်းပုန်းဝပ်တဲ့အထဲကနေ မီးရောင်မြင်လိုက်တာနဲ့ ကျနော်တို့ဘက်က စပစ်ခဲ့ပါတယ်။ သူတို့ကလည်း လက်နက်ငယ်တွေနဲ့ပစ်တယ်။ ၄၀မမ နဲ့ပစ်ပေမဲ့ မကွဲဘူးဗျ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄ Bamar Revolution Army၊ တပ်ခွဲမှူး ရဲဘော်လကျ်ာက MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ယနေ့ (အောက်တိုဘာ ၁၁ရက်) နံနက်ပိုင်း၌ ပျဉ်ပုံပျူရွာသို့ ဒုတိယဗိုလ်မှူးကြီး (G1) အဆင့်ရောက်လာကြောင်းသိရသည်။

” ထိခိုက်သေဆုံးမှုရှိတယ်လို့ ကြားတယ်ဗျ။ အတိအကျမသိရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ပျဉ်ပုံပျူရွာ တစ်ရွာလုံးသည် ပျူစောထီးများဖြစ်ပြီး လက်နက်အပြည့်အစုံဖြင့် အင်အား ၇၀နှင့် ၁၀၀ကြားရှိကာ ယနေ့ နံနက်ပိုင်းတွင် နောက်ထပ် အင်အား ၂၀၀ထပ်တိုးထားကြောင်း သိရသည်။

ဆဲကန်ရွာသည် စစ်အုပ်စုဝင်များ အမြဲဝင်ထွက်သွားလာနေသည့် နေရာဖြစ်ပြီး ပျဉ်ပုံပျူရွာနှင့် မိုင်ဝက်သာဝေးကြောင်းသိရသည်။

စာတည်း-ML