စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကော်မရှင်က စစ်ကြောင်းထိုးနေသည်မှာ နှစ်လကျော်ရှိနေပြီး စစ်ကော်မရှင် နှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ ကလေး-တမူးကားလမ်းမပေါ်ရှိကျေးရွာများ စစ်ဘေးရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။
စစ်ကော်မရှင်ဘက်မှ ကလေးမြောက်ပိုင်းသို့ သြဂုတ် ၆ရက်မှ စတင်၍ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များဘက်မှ ခုခံတိုက်ပွဲ၊ ကြားဖြတ်တိုက်ပွဲများဆင်နွှဲနေခြင်းဖြစ်ကြောင်း ကလေးဒေသတော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ပြောသည်။
” ဟုတ်တယ်၊ ၂လကျော်ပြီထိုးနေတာ။ လေ့ကျင့်ရေး ၁၀ဘက်ကနေပေါ့။ ကျီကုန်းတပ်နယ်ဘက်ကနေ ထိုးတာပဲ။ ထိတွေ့မှုကတော့ မကြာမကြာ ဖြစ်နေတုန်းပဲ။ ကံသာယာတို့၊ နန်းစောင်းပုတို့ နန်းဟန်နွဲ့တို့ကတော့ကြာပြီရှောင်ရတာ။ ကံကြီး၊ ကံသာ၊ ကံဦး၊ သာစည်၊ ပျော်ဘွယ်ကြီးစတဲ့ရွာတွေကတော့ အခုမှရှောင်ကြရတာ ဟုတ်တယ် ” ဟု ၎င်းကဆိုသည်။
ထိုသို့ တိုက်ပွဲပြင်းထန်နေမှုကြောင့် ကလေးမြောက်ပိုင်း ကလေး-တမူးကားလမ်းမပေါ်ရှိ ကျေးရွာများမှပြည်သူများအနေဖြင့် ဘေးလွတ်ရွာကျေးရွာများမှ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများနှင့် နီးစပ်ရာတောတောင်များအတွင်း ရှောင်တိမ်းနေကြရကြောင်း သိရသည်။
” စစ်ရှောင်တွေအနေနဲ့ကတော့ အရေးပေါ်စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ ခြင်ထောင်တွေစောင်တွေလိုအပ်မယ်ဗျ။ အခုက မိုးအကုန်ဆောင်းအကူးဆိုတော့ အေးလည်းအေးလာပြီ။ ခြင်တွေလည်းသိပ်ပေါတယ်ဗျ “ဟု ကလေးမြောက်ပိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲတစ်ရပ်ကျင်းပမည်ဟု ကြေညာထားပြီး ၎င်းရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၎င်းတို့ဆုံးရှုံးထားသော နယ်မြေများအားပြန်လည်ရယူနိုင်ရန် မြေပြင်၊ ဝေဟင်စစ်ကြောင်းများကို အသည်းအသန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ကလေးလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုဗိုက်ပူကသုံးသပ်သည်။
” စကမအနေနဲ့က စစ်ရေးပစ်မှတ်အပြင်၊ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို နေ့စဥ်နဲ့အမျှ ကျူးလွန်နေတယ်။ မြို့ပေါ်မှာလည်း စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး မတရားဖမ်းဆီခေါ်ဆောင်တာတွေ နေ့စဥ်ကြုံနေရတယ်ပေါ့ဗျာ။ စကမအနေနဲ့ နိုင်ငံရေးထွက်ပေါက်ဖန်တီးနိုင်ဖို့ မြို့ပေါ်သာမက ကျေးလက်ဒေသ၊ တော်လှန်ရေးစိုးမိုးတဲ့ဒေသတွေကိုပါထိန်းချုပ်နိုင်ဖို့ စစ်မှုထမ်းတွေကအစထုတ်သုံးလာကြတဲ့အပြင်ကို သူတို့သပ်သျှိုပြီးမွေးထားတဲ့လက်နက်ကိုင်တွေကိုပါ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထုတ်သုံးလာကြတယ်လို့ ကျနော့်အနေနဲ့သုံးသပ်မိပါတယ်” ဟု ကိုဗိုက်ပူက ပြောသည်။
ကလေးမြောက်ပိုင်းသို့ စစ်ကြောင်းထိုးရာတွင် စစ်ကော်မရှင်ဘက်မှ ဒကစ(ကလေး)လက်အောက်ခံ တကက-၁၀မှ ဗိုလ်မှူးရဲမျိုးမင်းနှင့် ဗိုလ်ကြီးပြည့်ဖြိုးအောင်၊ ဗိုလ်ကြီးနိုင်းဝင်းစိုးတို့ဦးစီးသည့် ခမရ(၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ ရှမ်းနီတပ်မတော်(SNA)တို့အပြင် အိန္ဒိယနိုင်ငံသားများဖြစ်သော ကသည်း(ULFA)၊နာဂသူပုန်(NSCN) တပ်ဖွဲ့များလည်း ပါဝင်လာကြောင်း အမှတ် (၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။
စစ်ကော်မရှင်သည် ကလေးခရိုင်အတွင်းတိုက်ပွဲများတွင် အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်းနှင့်နာဂသူပုန်တပ်ဖွဲ့များကို ယခုနှစ်သြဂုတ်လမှစ၍ အသုံးပြုလာခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့များသည် ခန္တီးခရိုင်အတွင်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာသော သင်္ဘောများဖြင့် ပါလာခြင်းဖြစ်ကြောင်း သိရသည်။
ကလေးမြောက်ပိုင်းတိုက်ပွဲများအတွင်း သြဂုတ်လ ၁၅ ရက်တွင် သုံ့ပန်း ၁ဦး၊ အလောင်း ၃လောင်းနှင့် လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရမိခဲ့ပြီး စက်တင်ဘာ ၂ရက်တွင် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်တစ်ဦးအပါအဝင် သုံ့ပန်း၇ဦး၊ အလောင်း ၄လောင်းနှင့် လက်နက် ၅လက် သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသမှ သတင်းထုတ်ပြန်ထားပြီး နောက်ဆက်တွဲ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။
