တယ်လီနောမှ ပေးအပ်လိုက်သော ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကြောင့် ပြည်သူအမြောက်အမြား စစ်အုပ်စု၏ သားကောင်ဖြစ်ခဲ့ရကြောင်း Defend Myanmar Democracy-DMD ကဆိုသည်။
စစ်အုပ်စုသည် တယ်လီနောမှ ပေးပို့လာသည့်အချက်အလတ်များကိုအသုံးပြု၍ အရပ်သားများကို ခြေရာခံခြင်း၊ ထိန်းသိမ်းခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းများ ပြုလုပ်နိုင်ခဲ့ပြီး မတရားသဖြင့် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရကာ အနည်းဆုံး လူတစ်ဦး ကွပ်မျက်ခံခဲ့ရကြောင်း သိရသည်။
“ကမ္ဘာ့ဒီမိုကရေစီထိပ်သီး နော်ဝေနိုင်ငံက ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ လောဘကြောင့် အာဏာ သိမ်းစစ်တပ်က ပြည်သူကို သတ်ဖြတ်ညှင်း ပန်းနိုင် ဖို့ ပူးပေါင်းပါဝင်ပေးခဲ့တာ အံ့မခန်းဖြစ်ရပါတယ်။တရားစွဲဆိုမှု အထမြောက်ပြီး တယ်လီနော သာ ပြစ်ဒဏ်ကျခံရတယ်ဆိုရင် စစ်တပ်နဲ့ပေါင်းစားနေတဲ့ ပြည်တွင်း၊ပြည်ပကုမ္ပဏီတွေကို တစ်ချိန် မှာ ဒါမျိုးတွေ စီးရီးလိုက်လာမယ်ဆိုတာ သက်သေပြချက်ဖြစ်သွားပါမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံ ရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
ဖော်ထုတ်ရရှိသည့် အထောက်အထားများအရ အာဏာသိမ်းမှုစတင်ပြီးနောက် စစ်အုပ်စု၏ အကြမ်း ဖက်နှိမ်နင်းမှုများကို သိရှိနေပါလျက် အသုံးပြုသူ၏ အမည်၊ လိပ်စာ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ်၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများနှင့် နောက်ဆုံးတည်နေရာများအပါအဝင် အလွန်အန္တရာယ်ရှိပြီး ထိရှလွယ်သော မိုဘိုင်းဖုန်းဒေတာများကို တယ်လီနောမြန်မာက စစ်အုပ်စုထံသို့ ထုတ်ဖော်ပေးခဲ့ကြောင်း DMD ကဆို သည်။
တယ်လီနောသည် ၎င်း၏လည်ပတ်လက်စ လုပ်ငန်း ရောင်းချချိန်တွင် တယ်လီနောသုံးစွဲသူ ၂၂ သန်းကျော် ရှိခဲ့ပြီး ထိုသုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာဒေတာများသည် ယခုထိတိုင် အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ စစ်အုပ်စုထံ ပေးလိုက်ပြီးနောက် ကွပ်မျက်ခံခဲ့ရသောသူ၏ မိသားစုဝင်တစ်ဦးနှင့်အတူ Defend Myanmar Democracy (DMD)၊Myanmar Internet Project၊ SOMO နှင့် မြန်မာတက်ကြွလှုပ်ရှားသူများပူးပေါင်း၍ တယ်လီနော အေအက်စ်အေ (Telenor ASA) အား နော်ဝေနိုင်ငံတွင် တရားစွဲဆိုရန် အစီအစဉ်ရှိကြောင်း အသိပေးသည့် ကြိုတင်အကြောင်း ကြားစာကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ဥပဒေကြောင်းအရ တရားစွဲဆိုမှုလုပ်ဆောင်ခြင်းသည် လူ့အခွင့်အရေးနှင့် ဘေးကင်းလုံခြုံရေးထက် အကျိုးအမြတ်နှင့် အဆင်ပြေမှုကို ရှေ့တန်းတင်ခဲ့သော နိုင်ငံတကာအဆင့် ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုထံမှ တာဝန်ယူမှု ရယူရန်အတွက် ဖြစ်ကြောင်း ထို့အပြင် စီးပွားရေးဆုံးဖြတ်ချက်များသည် ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံများရှိ အသက်များကို အန္တရာယ်ဖြစ် စေသည့်အခါတွင် တာဝန်ယူမှုနှင့် သက်ဆိုင်ရာနိုင်ငံ၏ ကြီးကြပ်မှုတို့၏ အရေးတကြီးလိုအပ် ကြောင်း ကိုလည်း မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်ကြောင်း DMDက ဆိုသည်။
တယ်လီနောသည် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး ၎င်း၏လုပ်ငန်းများကို လက်ဘနွန်အခြေစိုက် M1 Group နှင့် ပူးပေါင်းထားသည့် စစ်အုပ်စုနှင့် ဆက်စပ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီသို့ ရောင်းချခဲ့ကာ လက်ရှိတွင် အဆိုပါကုမ္ပဏီသည် ATOM Myanmar အမည်ဖြင့် လုပ်ငန်း လည်ပတ်လျက်ရှိသည်။
