ထိုင်းစစ်တပ်က အာဏာသိမ်းမည် မဟုတ်ဘဲ ဝန်ကြီးချုပ်ရွေးချယ်ရာ၌ ကြားနေမည်ဟုဆို

ထိုင်းစစ်တပ်က အာဏာသိမ်းမှု ထပ်မံဖြစ်လာနိုင်သည်မှာ မဟုတ်ကြောင်း ထိုင်းနိုင်ငံ အမှတ် ၂ တပ်မတော်၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဘွန်းစင်ပါခ့်လန်က အခိုင်အမာ ပြောဆိုခဲ့သည်။

နယ်စပ်ကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် သတင်းထောက်များက လက်ရှိ နိုင်ငံရေး အကူးအပြောင်းနှင့် ပတ်သက်ပြီး စစ်တပ်အခန်းကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းကို ဒုတိယ ဗိုလ်ချုပ်ကြီးက ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်တပ်မှာ အာဏာသိမ်းဖို့ အစီအစဉ်မရှိပါဘူး။ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်သွားမှာပါ” ဟုသတင်းထောက်များကို ၎င်းက ပြောသည်။

ဝန်ကြီးချုပ်လောင်းရွေးချယ်စရာ နည်းပါးမှုနှင့် ပတ်သက်ပြီး သတင်းထောက်များက ဒုတိယဗိုလ်ချုပ်ကြီးကိုမေးမြန်းရာ “တစ်ခါတစ်ရံ နိုင်ငံရေးမှာ ရွေးချယ်စရာတွေ နည်းနေတတ်ပါတယ်။ ကျတော်တို့ဟာ နိုင်ငံရေးလုပ်ငန်းစဉ်ကို လေးစားပြီး ကျန်ရှိတဲ့ သုံးလေးလအတွင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရပါမယ်” ဟု ပြောသည်။

ထို့ပြင် နိုင်ငံရေးတွင် အရည်ချင်းရှိသူများ ရှိနေသေးပြီး အရည်အချင်းပြည့်၀သည့် ခေါင်းဆောင်များရွေးချယ်ရန် ပြည်သူများ သတိပြုဖို့လိုကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် တော်ဝင်ထိုင်းစစ်တပ်သည် အရွေးခံ ကာကွယ်ရေးဝန်ကြီး မည်သူဖြစ်ပါစေ ထောက်ခံရန် အသင့်ရှိကြောင်း ၊ စစ်တပ်သည် နိုင်ငံရေးအရ ကြားနေမှုကို ထိန်းသိမ်းထားပြီး တရားဝင် အမိန့်များကို လိုက်နာရန် ကတိပြုကြောင်း ၎င်းက ပြောသည်။