ရန်ကုန်တိုင်း၊ ဒလမြို့နယ်အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ဒဿမ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သော်လည်း ယင်းငလျင်သည် မြေအောက်အနက် လေးမိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းကြောင့် ငလျင်ဒဏ်ကို ရန်ကုန်မြို့ခံများ သိသိသာသာခံစားခဲ့ရကြောင်းသိရသည်။
အဆိုပါငလျင်သည် ယနေ့(အောက်တိုဘာ ၁၇ရက်)၊ ည ၁၁နာရီ ၉ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကို တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ စမ်းချောင်း၊ သာကေတ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း အစရှိသည့် မြို့နယ်များတွင် ခံစားခဲ့ရကြောင်း သိရသည်။
“တစ်ချက်ဆောင့်ခါသွားတာ၊ ကြောက်စရာကြီး၊ ကိုယ်နေတာက အထပ်မြင့်ဆိုတော့ ချက်ချင်းပြေးဆင်းရတယ်။ တစ်ချက်ထဲမို့လို့ အချိန်ကြာကြာဆိုရင် မတွေးရဲစရာဘဲ”ဟု သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်တစ်တိုင်းလုံးခံစားခဲ့ရခြင်းမဟုတ်ဘဲ မြို့နယ်အချို့တွင်သာ သက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။
“ကျတော်တို့ တာမွေမှာတော့ ငလျင်လှုပ်တာကို မသိလိုက်ရဘူး။ လိုင်းပေါ်ကြည့်လိုက်တော့မှ ငလျင်လှုပ်သွားပါလားဆိုပြီးသိတာ၊ တာမွေမှာက သိတဲ့အတိုင်း အထပ်မြင့်တိုက်တွေကြီးပဲ၊ ငလျင်ပြင်းပြင်းထန်ထန်လှုပ်မှာကို ကြောက်လန့်နေရတယ်။ လိုင်းပေါ်မှာလည်း ငလျင်တွေက ဘယ်အချိန်လှုပ်မယ်။ ဘယ်တော့လှုပ်မယ်ဆိုပြီးလဲ မြင်နေရတော့ အမြဲသတိပြုနေရတယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းသည် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းမှ တောင်ဘက်ထိ ဖြတ်သန်းသွားသည့် စစ်ကိုင်းပြတ်ရွေ့တွင် ပါဝင်သည့် နေရာတစ်ခုလည်းဖြစ်သည်။
စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်ပိုင်းတွင် ပြင်းထန်ဆုံးသော ငလျင်တစ်ခုဖြစ်သည့် ပဲခူးငလျင်သည် ၁၉၃၀ ပြည့်နှစ်က လှုပ်ခတ်ခဲ့ဖူးပြီး ယင်းငလျင်ပြင်းအားမှာ ရစ်ချ်တာစကေး ၇ဒသမ၃ အထိရှိခဲ့ကာ၊ ရန်ကုန်မြို့တွင်လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀နီးပါးရှိလာပြီဖြစ်သောကြောင့် အင်အားပြင်းငလျင်ထပ်မံလှုပ်ခတ်နိုင်သည့် အခြေအနေများရှိနေသည့်အတွက် ငလျင်အန္တရာယ်ကို သတိပြုရန် မြေငလျင်ပညာရှင်များက ထောက်ပြထားကြသည်။
ထို့ပြင် ရန်ကုန်၌ စစ်ကိုင်းပြတ်ရွေ့ကဲ့သို့ ပြတ်ရွေ့ကြီးအပြင်၊ အနောက်ပဲခူးရိုးမ ပြတ်ရွေ့၊ ရန်ကုန်-သန်လျင် ပြတ်ရွေ့၊ တိုက်ကြီးပြတ်ရွေ့ နှင့် ဒေးဒရဲ ပြတ်ရွေ့တို့ရှိပြီး အဆိုပါပြတ်ရွေ့များသည်လည်း အင်အားရစ်ချ်တာစကေး ၃မှ ၅အဆင့်ရှိ ငလျင်များ လှုပ်ခတ်နိုင်ကြောင်းလည်း ငလျင်ဆိုင်ရာ အချက်အလက်များအရသိရသည်။
ရန်ကုန်မြို့သည် မြေအောက်ရေကြွယ်၀ပြီး အဆောက်အအုံတည်ဆောက်များတည်ဆောက်ရာ၌ မာကျောမှုနည်းသည့် နုန်းမြေများပေါ်တွင် တည်ဆောက်ထားခြင်းကြောင့် ငလျင်လှုပ်ခတ်သည့်အခါ မြေပြင်တုန်ခါမှု လှိုင်းနှုန်းတွေကို ပိုမိုပြင်းထန်စေသောကြောင့် အင်အားအသင့်အတင့်ရှိသည့် ငလျင်လှုပ်ခတ်သည့်အခါများတွင်လည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားနေရခြင်းလည်းဖြစ်သည်။
ရန်ကုန်မြို့ရှိ အဆောက်အအုံအချို့သည် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံနှင့် ငလျင်ဒဏ်ခံနိုင်ရန် ဒီဇိုင်းထုတ် တည်ဆောက်ထားသည့် အဆောက်အအုံများ မဟုတ်သောကြောင့် ပြင်းထန်သည့် ငလျင်များလှုပ်ခတ်ခဲပါက ပြိုကျပျက်စီးနိုင်ချေမြင့်မားသည့် အခြေအနေများရှိသောကြောင့် ငလျင်ဘေးနှင့် ပတ်သက်ပြီး လိုက်နာရမည့် သတိပြုချက်များကို လေ့လာသင့်ကြောင်း ပညာရှင်များက ထောက်ပြထားသည်။
စာတည်း-ကိုဆန်း
