AFP
ဆိုက်ဘာလိမ်လည်မှုများတွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦးသည် ယနေ့ အောက်တိုဘာ ၁၈ ရက်တွင် နေရပ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက AFP ထံ ပြောကြားချက်အရ သိရှိရသည်။
တောင်ကိုရီးယားက ၎င်းတို့နိုင်ငံသား ဒါဇင်နှင့်ချီပြီး ပြန်ပေးဆွဲခံရသည့် အလုပ်အတုများ၊ လိမ်လည်မှုစင်တာများနှင့်ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးရန် ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့က ကမ္ဘောဒီးယားသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်။
“စုစုပေါင်း နိုင်ငံသား ၆၄ ယောက်ဟာ အင်းချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အထူးလေယာဉ်နဲ့ ပြန်လည်ရောက်ရှိလာပြီ” လို့ အဲဒီအရာရှိက ပြောပါတယ်။
တောင်ကိုရီးယားအစိုးရကမူ နိုင်ငံသား ၆၀ ခန့်ကို ကမ္ဘောဒီးယားအာဏာပိုင်များက စွပ်စွဲခံထားရသည့် ရာဇဝတ်မှုများနှင့် ဖမ်းဆီးထားသည်ဟု ပြောခဲ့ပြီး ၎င်းတို့ကို ပြန်ခေါ်လာမည်ဖြစ်ကြောင်း ကတိပြုထားတဲ့အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားလုံခြုံရေးအကြံပေး ဝီ ဆောင်းလတ်က ဖမ်းဆီးခံခဲ့သူများအတွင်း လိမ်လည်မှုလုပ်ငန်းများတွင် “ဆန္ဒအလျောက် ပါဝင်သူရော၊ မပါဝင်ချင်ဘဲ အတင်းအကျပ် ပါဝင်ခဲ့ရသူရော” နှစ်မျိုးလုံး ပါဝင်ကြောင်း ပြောခဲ့ဖူးသည်။
ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တပ်ချ် ဆုတ်ဟပ်က တောင်ကိုရီးယားနိုင်ငံသားများကို ပြန်လည်ပို့ဆောင်ရေး သဘောတူညီချက်သည် “နှစ်နိုင်ငံကြား လိမ်လည်မှုနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကောင်းမွန်သည့်ရလဒ်” ဖြစ်ကြောင်း အောက်တိုဘာ ၁၇ ရက်နေ့က AFP ကို ပြောကြားသည်။
ကမ္ဘောဒီးယားတွင် လိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်နေသူ ၂၀၀,၀၀၀ ခန့်အတွင်းက တောင်ကိုရီးယားနိုင်ငံသား ၁,၀၀၀ ခန့် ပါဝင်နိုင်ကြောင်း ခန့်မှန်းထားသည်ဟု တောင်ကိုရီးယားအစိုးရက ပြောသည်။
အချို့ကမူ အကြမ်းဖက်မှု ခြိမ်းခြောက်ခံရခြင်းကြောင့် လိမ်လည်မှုများလုပ်ဆောင်ကြရပြီး ယင်းမှာ အလိမ်ခံရသူများနှင့် အချိန်ယူပြီး ယုံကြည်မှု တည်ဆောက်ပြီးမှ ၎င်းတို့၏ ငွေများကို ခိုးယူသည့် Cryptocurrency ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များဖြစ်သည်။
ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ ယင်းဒေါ်လာဘီလီယံပေါင်းများစွာတန်သည့် တရားမဝင်လုပ်ငန်းသည် မကြာသေးမီနှစ်များအတွင်း ကမ္ဘောဒီးယားတွင် ပိုမိုကြီးမားလာပြီး လူထောင်ပေါင်းများစွာမှာ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်နေကြရာမှာ အချို့က ဆန္ဒအလျောက်ဖြစ်ပြီး တချို့ကမူ ယင်းလိမ်လည်မှုကွန်ရက်များကို ဦးဆောင်နေသည့် အဖွဲ့အစည်းနှင့်သက်ဆိုင်သော ရာဇဝတ်ဂိုဏ်းများ၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် လုပ်နေကြရကြောင်း သိရသည်။
