ပြည်သူပိုင် လယ်ကွင်းထဲရှိ စပါးခင်းများကို MNDAAများ ဝင်ရောက်ရိတ်သိမ်းဆိုသည့် သတင်းအတု

ပြည်သူများ ပိုင်ဆိုင်သော လယ်ကွင်းများထဲရှိ စပါးခင်းများကို MNDAA အဖွဲ့က ဝင်ရောက်ရိတ်သိမ်းဟုဆိုပြီး ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသော သတင်းအတု ပျံ့နှံ့လျက်ရှိသည်။

စစ်တပ်လော်ဘီ “View of Sue” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ အောက်တိုဘာ ၁၇ရက် ညနေပိုင်းတွင် “ပြည်သူတွေရဲ့ လယ်ကွင်း က စပါးတွေကို ဝင်ရိတ်ပြီး ယူငင်နေတဲ့ MNDAA များ” ဟု ရေးသား၍ စစ်ယူနီဖောင်းဝတ်ဆင်ထားသူများ စပါးရိတ်သိမ်းနေသော ဓာတ်ပုံများနှင့်အတူ သတင်းဖြန့်ဝေထား သည်။
သတင်းအတုလင့်ခ် – https://archive.ph/qLO9k

ဖြန့်ဝေထားသော သတင်းအကြောင်းအရာကို အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း စိစစ် တွေ့ရှိရသည်။

သတင်းစိစစ်ချက်

စပါးရိတ်သိမ်းနေသော စစ်သားများ၏ ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေရာ “ကိုးကန့်သတင်းကွန်ရက်” အမည်ရှိ ဖေ့ဘွတ်ခ်အကောင့်က အောက်တိုဘာ ၁၆ရက်၌ တင်ထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။

ကိုးကန့်သတင်းကွန်ရက်က ဓာတ်ပုံများနှင့်အတူ တရုတ်စာများဖြင့် ထုတ်ပြန်ထားသည်။ တရုတ်စာများကို Google Translate သုံး၍ မြန်မာဘာသာသို့ ပြန်ဆိုကြည့်ရာတွင် စစ်သားများက ပြည်သူများ၏ စပါးခင်းများကို ကူညီရိတ်သိမ်းပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဆောင်းဦးရိတ်သိမ်းရာသီတွင် မြို့နယ်အချို့ရှိ သက်ကြီးရွယ်အိုများနှင့် ဆင်းရဲနွမ်း ပါးသူများ ကြုံတွေ့နေရသော လုပ်သားရှားပါးမှုပြသနာကို ဖြေရှင်းနိုင်ရန် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြည်သူ များ၏ စပါးခင်းများကို ကူညီရိတ်သိမ်းပေးခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ထုတ်ပြန်ချက်လင့်ခ် – https://bitly.cx/RMQNL

အထက်ပါ အချက်အလက်စစ်ဆေးမှုအရ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ် View of Sue က “ကိုးကန့်သတင်းကွန်ရက်” ၏ ဓာတ်ပုံများ အသုံးပြု၍ သတင်းအတု ဖြန့်ဝေထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။