စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ လုံခြုံရေးအတွက် စစ်သားအချို့ ပါဝင်သည့် လုံခြုံရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်ရေး စီစဉ်နေကြောင်း MPA က စုံစမ်းသိရှိရသည်။
စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာပြီးနောက် ကြံ့ခိုင်ရေးပါတီက အခုကဲ့သို့ အချိန်ကိုက် စီစဉ်လာခြင်းလည်းဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP)သည် စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်များထဲမှ ယုံကြည်စိတ်ချရသူများ၊ ပျူစောထီးအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပါတီဝင်များကို လုံခြုံရေးအဖွဲ့အဖြစ် ဖွဲ့စည်းသွားရန် စီစဉ်ထားကြောင်း ချောင်းဆုံမြို့နယ်၊ ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“လုံခြုံရေးက ပထမဦးစားပေးအလေးထားတယ်၊ ဦးတို့ဘက်က ဒီလုံခြုံရေးအပိုင်း ကောင်းကောင်းလုပ်နိုင်ရင် ကိုယ်စားလှယ်လောင်းတွေ အေးအေးဆေးဆေး မဲဆွယ်လို့ရမယ်ပေါ့၊ ဒါက မွန်ပြည်နယ်မှာတော့ အဲဒီလိုဖွဲ့ဖို့ စီစဉ်နေတဲ့အဆင့်ပဲရှိသေးတယ်” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့တွင် ပါဝင်မည့်သူများကို တစ်လလျှင် ကျပ် နှစ်သိန်းမှ ၁၀သိန်းပေးရန် သတ်မှတ်ထားပြီး ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ထို့ပြင် စစ်သား၊ အစိုးရဝန်ထမ်းနှင့် ရဲများဖြစ်ပါက ယခင်လစာများအပါအဝင် ယခုထပ်မံပေးမည့် လစာကိုပါ ခံစားခွင့်ရရှိမည်ဟု ၎င်းက ရှင်းပြသည်။
အဆိုပါလုံခြုံရေးအဖွဲ့၏ သက်တမ်းကာလနှင့် အဖွဲ့ဝင်များ မည်မျှခန့်အပ်မည်ကို အတည်မပြုရသေးသော်လည်း ယင်းအဖွဲ့ဝင်ရန် အမည်စာရင်းပေးထားသူ အများအပြားရှိနေကြောင်း ပြည်နယ် ကြံ့ခိုင်ရေးပါတီရုံးနှင့် နီးစပ်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ အရင်ပါတီဝင်ဟောင်းတွေလည်း ပါတယ်။ အချို့ကျတော့ စစ်မှုထမ်းဟောင်းတွေပေါ့၊ ဝင်ကြပါတယ်။ စာရင်းပေးတဲ့သူများတယ်။ ရပ်ကွက်ထဲက လူငယ်အချို့တောင်ဝယ်တယ်၊ အမြဲတမ်းလည်း မဟုတ်ဘူးလေ၊ လပိုင်းလောက်ပဲ ကြာမှာ၊ နောက်ပိုင်းကျရင် တမျိုးပေါ့၊ အပိုငွေဝင်ရပါတယ်၊ အားလုံးအဆင်ပြေတာပေါ့” ဟု ၎င်းက ပြောသည်။
ယခုဖွဲ့စည်းရန် စီစဉ်ထားသည့် လုံခြုံရေးအဖွဲ့ဝင်များအဖြစ် ရွေးချယ်ခံရပါက နောက်ပိုင်း ကိုယ်စားလှယ်လောင်း လုံခြုံရေးအတွက် ဆက်ခန့်နိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကြံ့ခိုင်ရေးပါတီအနေဖြင့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် တော်လှန်ရေးအင်အားစုများ၏ ပထမပစ်မှတ်ထား တိုက်ခိုက်ခံရမည့်အပေါ် ကြိုတင်ကာကွယ်နိုင်ရေး စီစဉ်နေခြင်းဖြစ်သည်ဟု မွန်ပြည်နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အမည်မဖော်လိုသည့် နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။
“သူတို့လုပ်နိုင်တာ ကောင်းပါတယ်၊ လုံခြုံရေးကြိုတင်ကာကွယ်ဖို့ဆိုတော့ အစိုးရကလည်း မယူပေးနိုင်ဘူးလေ၊ တစ်ခုပဲပေါ့၊ သူတို့ဖွဲ့ထားတဲ့ လုံခြုံရေးအဖွဲ့က ပြည်သူကို အနှောင့်အယှက်လုပ်လာရင် ဘယ်လိုတာဝန်ယူမလဲ၊ နောက်ဆက်တွဲ စိုးရိမ်စရာတွေ ရှိတယ်၊ အဓိက ပြည်သူတွေပဲ ထိခိုက်မှာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် အခြားပါတီများသည် ကြံ့ခိုင်ရေးပါတီကဲ့သို့ ငွေကြေး မတတ်နိုင်သည့်အတွက် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်းတစ်ကို မွန်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပအိုဝ်အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီတို့က ယှဉ်ပြိုင်မည်ဖြစ်သည်။
စာတည်း-ကိုဆန်း
