စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ အရေးပေါ်ဆေးကုသလိုပါက ထောင်အာဏာပိုင်းများကို လာဘ်ထိုးမှသာ ကုသခွင့်ရကြောင်း မော်လိုက်အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
လာဘ်ပေးလာဘ်ယူမှုများသည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ငွေရလိုမှုနှင့် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်လိုသည့်အတွက် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ဟု မော်လိုက်အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။
” ထောင်ဆေးရုံကလည်း ဘာမှကောင်းကောင်းမွန်မွန် မကုနိုင်ဘူး။ ဒါကြောင့် တင်ပြတောင်းဆိုကြတယ်။ ဒါပေမဲ့ ဘာမှမပေးရင် ဘာမှ မလုပ်ပေးဘူး။ ဆောင်ရွက်ပေးမယ် စာတင်ပေးမယ်ပြောပြီး ဒီတိုင်းပဲထားတာ၊ အထူးသဖြင့် နိုင်ငံရေးမှုတွေ ဆိုရင်လည်း ပိုဆိုးတာပေါ့။ အထက်က စာမကျတာ အကြောင်းပြတယ်။ ရဲတွေ လုံခြုံရေးမပေးနိုင်လို့ဆိုပြီး အကြောင်းပြတယ်။ ဒါတွေနဲ့ပဲ လွှဲချတာပေါ့။ တကယ်တော့ ငွေပုံပေးရင်တော့ စာတင်စရာမလိုသလောက်ပါပဲ ချက်ချင်းထုတ်ပေးတာပဲ၊ မပေးနိုင်ရင်တော့ မထုတ်ပေးဘူး။ ဒါကြောင့် တကယ်ဖြစ်နေတဲ့ အကျဥ်းသားတွေအတွက် စိုးရိမ်စရာတအားကောင်းနေပြီ “ဟု မော်လိုက် အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မော်လိုက်အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသမှုလိုအပ်ပါက ပြင်ပ ဆေးရုံ၌ ဆေးကုသခွင့်ရရန် တစ်ကြိမ်လျှင် အနည်းဆုံး မြန်မာငွေ ငါးသိန်းကျပ်မှ သိန်းနှစ်ဆယ်ကြားအထိ နိုင်ငံရေးအကျဉ်းသားများက ထောင်အာဏာပိုင်များကို ပေးရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ရှိတွင် ပြင်ပဆေးရုံ၌ ဆေးကုသခွင့်ရရှိထားသည့် အခြားမှုများနှင့် ဖမ်းဆီးခံထားရသည့် အကျဥ်းသားများသည် ကျန်းမာရေးအတွက် အရေးပေါ်ဆေးကုသရန် အခြေအနေမရှိသော်လည်း ထောင်ပိုင်ကြီးအပါအဝင် အရာရှိတချို့ကို ငွေကြေးအများအပြားပေးထားသဖြင့် ကုသခွင့် ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“မူးယစ်ဆေးဝါးအမှုနဲ့ ကျနေတဲ့ တစ်ယောက်ဆိုရင် ပြင်ပဆေးကုသမှုလုပ်ဖို့ ခဏခဏ အပြင်ထုတ်နေတာရှိတယ်။ အပြင်က ဆေးရုံမှာ ခဏတော့ရောက်တယ်။ ပြီးရင် ဘယ်နေရာတွေသွားလည်းတော့ မသိ။ တခါတလေကျရင် အရက်တွေမူးပြီး ပြန်ဝင်လာတယ်။ သူက ထောင်ပိုင်ကြီးကို ငွေပုံပေးနိုင်တယ်။ ထောင်ပိုင်ရဲ့အဆက်အနွယ်ဖြစ်တယ်၊ အခြားအကျဥ်းသားတွေ အရေးပေါ်လူနာတွေ ဖြစ်နေတယ်။ ဒါကျတော့ ခေါက်ထားကြတယ်၊ တကယ်လို့အရေးပေါ်လူနာက သေသွားလို့ဆိုရင် သူတို့ ဖြေရှင်းနေကြအတိုင်း ပို့ပေးတယ် မမှီတာတို့ ရောဂါကျွမ်းတာတို့ ဆေးမမှီတာဘဲ ဒီလိုပဲဖြေရှင်းကြလေ့ရှိတယ် ” ဟု မော်လိုက်အကျဉ်း ထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” နိုင်ကျဉ်းတစ်ဦးဆို အဆုတ်ထဲရေဝင်တာ ၂လကျော်ကြာနေပြီ ဆေးပြမထုတ်ပေးလို့ ပိန်ချုံးနေပြီ ဆေးရုံတက်ခွင့်မပေးလို့ သေလဲအဆောင်မှာပဲသေတော့မယ်ဆိုပြီး ပြန်သွားပါပြီ၊ နောက်တစ်ဦးဆိုလည်း ခါးနာတာတစ်နှစ်ကျော်သွားပြီ မထုတ်ဘူး ။အာရုံကြောထိသွားလို့ခြေထောက် တစ်ဖက်လှုတ်မရလို့ ချိုင်းထောက်နဲ့ဆေးရုံဆောင်မှာရောက်နေပါတယ်၊ စိုးရိမ်စရာကောင်းနေပါတယ် ” ဟု နိုင်ကျဉ်းအရေးအကူအညီပေးနေသူတစ်ဦးက ဆိုသည်။
ထို့ပြင် အရေးပေါ် ဆေးကုသခွင့် လိုအပ်ရှိသည့် နိုင်ငံ ရေးအကျဉ်းသားများအတွက် မိသားစုဝင်များသည် ထောင်အာဏာပိုင်များကို KTV သွားရန် ငွေကြေးများထုတ် ပေးရသည်များလည်း ရှိကြောင်း နိုင်ကျဉ်းမိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
” စားဖို့တောင် အနိုင်နိုင်ရယ်ဆိုတော့ တစ်ခါ ဆေးကုသခွင့်ရဖို့ဆို ဆယ်သိန်းလောက်ကျ မတတ်နိုင်ဘူး၊ KTV ဖိုး ရှင်းရတာကျ အဲဒီမှာ လိုက်ပြီး ရှင်းရတာမျိုး မဟုတ်ဘဲ၊ သူတို့ အဲဒီကို သွားဖို့ ပေးရတာမျိုး တွေပါ ” ၎င်းက ပြောသည်။
အကျဉ်းသားတစ်ဦးစီ၌ လူ့ဂုဏ်သိက္ခာနှင့်အညီ ဆေးဝါးပေးခြင်း၊ ကုသခြင်း၊ ဆေးရုံတက်ရခြင်းများသည် လူ့အခွင့် အရေး၏ အခြေခံအချက်များဖြစ်ပြီး ယင်းအခွင့်အရေးကို ငွေပေးပြီး အသုံးပြုနေသည့် စနစ်များသည် သက်ဆိုင်ရာအာဏာပိုင်များ၏ လူအခွင့်အရေချိုးဖောက်မှုနှင့် တာဝန်မဲ့မှုများကိုဖော်ပြနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက ပြောသည်။
“ဒီလိုမျိုး ကျန်းမာရေးကိစ္စတွေကို ငွေပေးပြီးဖြေရှင်းနေတာက နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်ဖိနှိပ်မှုသာမက နိုင်ငံတကာအဆင့်မှာဆိုလည်း လူအခွင့်အရေးအပေါ် တာဝန်မဲ့မှုကို သက်သေပြနေတဲ့ဖြစ်ရပ်တစ်ခုပါ ” ဟု မရောင်နီလင်းက ဆိုသည်။
PPNM၏ စာရင်းမျာအရ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ ယခုနှစ် ၂၀၂၅ခုနှစ် ၊ အောက်တိုဘာလအထိ အကျဉ်းထောင်အသီးသီးတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရှိမှုနှင့် အရေးပေါ်ဆေးကုသခွင့် မရရှိမှုများကြောင့် ကျဆုံးခဲ့ရသည့် နိုင်ငံအကျဥ်းသား ၂၈ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၈၅၄) ဦးရှိကာ အကျဉ်းထောင်များ ဖမ်းဆီးခြင်းခံနေရသူမှာ (၂၂၅၄၄) ဦးဖြစ်ကြောင်း နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
စာတည်း-ကိုဆန်း
