မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသူတစ်ဦးကို အတင်းအဓ္ဓမဖမ်းဆီးကာ စစ်မှုထမ်းရန်အတွက် ပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်၊ ညနေ ၄ နာရီခန့်တွင် မလှိုင်မြို့၊ အမှတ် ၂ ရပ်ကွက်မှ ဆိုင်ကယ်ဖြင့် ထွက်လာသည့် စိတ်ကျန်းမာရေးချို့တဲ့နေသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသည် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့၌ စစ်ကော်မရှင်တပ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ကောင်လေးက စိတ်ကျန်းမာရေးက လုံးဝကြီး ချို့တဲ့နေတာလည်း မဟုတ်ဘူး။ သွားသွားလာလာတော့ လုပ်နိုင်တယ်။ အဲ့ဒီ့နေ့ကလည်း ထွေအုပ်ရုံးရှေ့ရောက်တော့ စစ်သားက မေးတာကို သူက မဖြေတာ။ မဖြေတော့ စစ်တပ်ကလည်း အော်ငေါက်ပြီး ဖမ်းသွားတာ၊ နောက်ကနေလည်း မိသားစုက လိုက်လို့မရဘူး ဖြစ်နေတယ်။ ဒီနေ့ထိ ပြန်လွတ်လာတဲ့ အသံတော့ မကြားရဘူး” ဟု အဆိုပါမိသားစုနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် မလှိုင်မြို့အနီးဝန်းကျင်ရှိ ကျေးရွာများမှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များအနေဖြင့် စစ်ကော်မရှင်တပ်၏ စစ်မှုထမ်းပေါ်တာဆွဲရာ၌ ဖမ်းဆီးခံရပြီးနောက် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံနေရကာ သေဆုံးမှုများလည်း မြင့်တက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ ရှေ့တန်းစစ်မြေပြင်၌ သေဆုံးမှုများကို စစ်ကော်မရှင်က မိသားစုများထံသို့ တရားဝင် အကြောင်းကြားသော်လည်း သေဆုံးစစ်မှုထမ်းတပ်သားများအတွက် မည်သည့်အကျိုးခံစားခွင့်မှ မရှိကြောင်း အသိပေးပြောဆိုခဲ့သည်ဟု သိရသည်။
“မလှိုင်မြို့ရဲ့ အရှေ့ဘက်က ဇီးပင်ကန်ရွာက ကောင်လေးတွေ ငါးယောက်လုံး ရှေ့တန်းမှာ ကျသွားလို့ ရှေ့တန်းမှာဘဲ သင်္ဂြိုဟ်လိုက်ကြတယ်တဲ့။ အိမ်မှာတော့ ရက်လည်လုပ်လိုက်ကြ ဆိုပြီး အောက်တိုဘာ ၂၂ ရက်နေ့က လာပြောသွားတယ်။ မိသားစုကတော့ အလောင်းလည်းပြန်မရဘူးလေ။ ကောင်လေးတွေကလည်း ငယ်ငယ်ရွယ်ရွယ်လေးတွေဆိုတော့ နှမျောကြတာပေါ့” ဟု ဇီးပင်ကန်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ယခုရက်ပိုင်းအတွင်း မလှိုင်မြို့နယ်တဝိုက် ကင်းထောက်လေယာဥ်များ၊ ထောက်လှမ်းရေးဒရုန်းများ၊ စက်တပ်လေထီး(Paramotor) များ အချိန်ကြာမြင့်စွာ ပျံဝဲလျက်ရှိနေပြီး မြို့ပေါ်နေ ပြည်သူများအနေဖြင့်လည်း ကြောက်ရွံနေကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်မှုထမ်းအပတ်စဥ် အသစ်ထွက်လာပြီဆိုရင် လူဖမ်းပွဲက ဖြစ်ပြီ။ အခုဆို ကထိန်ကာလလည်း ဖြစ်တော့ ပိုဂရုစိုက်ကြရမှာ။ မြို့ပေါ်ရပ်ကွက်တွေတော့ ငွေညှစ်တာ၊ ရွာဘက်က လူငယ်တွေဆို ပေါ်တာဆွဲတာ ပြန်ရွေးလို့ကို မရဘူး။ မလှိုင်နဲ့အစပ် နွားထိုး၊ တောင်သာဘက်မှာလည်း ဗုံးကြဲတာတွေ၊ တိုက်ပွဲဖြစ်တာတွေလည်း ဖြစ်နေတော့ နေရတာတော့ လန့်တာပေါ့” ဟု မလှိုင်မြို့၊ အမှတ် ၄ ရပ်ကွက်၌ နေထိုင်သူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံအနှံ့အပြား၌ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် စခန်းကြီး၊ စခန်းငယ်များကို ဆုံးရှုံးရသည့်အပြင် စစ်သားများ သေဆုံးခြင်းနှင့် ထွက်ပြေးသူများ များပြားလာခြင်းကြောင့် လူအင်အားပြန်လည်ဖြည့်တင်းနိုင်ရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း၌ စစ်ကောင်စီတပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အမှတ်စဥ် တစ်ခုလျှင် သင်တန်းသားဦးရေ ၅၀၀၀ နှုန်း ခေါ်ဆောင်သွားမည်ဟု ပြောဆိုထားသော်လည်း မြေပြင်၌မူ ယခုထက် ပိုမို များပြားနိုင်ကြောင်း တော်လှန်ရေးအဖွဲ့အစည်းများက ဆိုသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင်လည်း စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၇ ခေါ်ယူထားကာ၊ ယခု အောက်တိုဘာလတွင် စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၈ ကို သင်တန်းပေးနေကြောင်း သိရသည်။
စာတည်း-ကိုဆန်း
