စစ်ကော်မရှင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲ မဲဆန္ဒရှင်ပြည်သူတွေ စိတ်ဝင်စားမှု မရှိဟု မွန်ညီညွတ်ရေးပါတီ ဝန်ခံ

စစ်ကော်မရှင်က ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများက စိတ်ပါဝင်စားမှုမရှိကြောင်း ရွေးကောက်ပွဲဝင်ပြိုင်မည့် မွန်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီ(MUP)က ဝန်ခံလိုက်သည်။

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲဆွယ်စည်းရုံးရေးကာလသမှတ်ပြီးနောက် မွန်ညီညွတ်ရေးပါတီအနေဖြင့် မဲဆွယ်စည်းရုံးရေးကို မည်ကဲ့သို့ ဆောင်ရွက်မည်နည်းဟု MPA က မေးမြန်းရာ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက အထက်ပါတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အဓိက အခက်အခဲတစ်ခုက သွားတာ၊ လာတာပေါ့နော်၊ မဲဆန္ဒရှင်တွေ သိပ်ပြီး စိတ်ဝင်စားမှု မရှိဘူးပေါ့နော်၊ အားနည်းတယ်ပေါ့နော်၊ အဲဒါကို ကျတော်တို့ မဲဆန္ဒရှင်တွေအနေနဲ့ ဘာတွေဖြစ်ဖြစ်ပေါ့နော်၊ မဲလာထည့်ပေးဖို့” ဟု နိုင်သန်းရွှေက ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် ရွေးကောက်ပွဲအပိုင်း(၁)တွင် ပြည်သူ့လွှတ်တော် (၇)နေရာ၊ အမျိုးသားလွှတ်တော် ၁၂ ခုအတွက် FPTP နှင့် PR (၆)နေရာစီ၊ ပြည်နယ်လွှတ်တော် ၂၀ နေရာအတွက် FPTP (၉)နေရာ၊ PR (၁၀)နေရာ ဝင်ပြိုင်မည်ဖြစ်သည်။

ယခု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအနက် ဆယ်ဦးခန့်သည် ယခင် ၂၀၁၀ ခုနှစ် ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ဖူးသည့်အတွေ့အကြုံရှိသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် မဲဆွယ်စည်းရုံးရေးအတွက် လုံခြုံရေးကိစ္စနှင့်ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က မည်သို့ဆောင်ရွက်ပေးမည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

“စစ်တပ်ဘက် လုံခြုံရေးယူပေးမလား၊ ယူပေးမလား၊ စောင့်ကြည့်နေရတဲ့အနေအထား၊ တကယ်တမ်းက မဲဆွယ် ဖို့ ကိစ္စတွေမပြောနဲ့ ကိုယ်စားလှယ်လောင်းတွေ အမည်ထွက်လာပြီးကတည်းက သွားလာတာကအစ သတိထားစရာ ဖြစ်နေတော့၊ စစ်တပ်ကို အားကိုးတာလဲ မမှားနေဘူး” ဟု မွန်ညီညွတ်ရေးပါတီဝင်ဟောင်းတစ်ဦး က ပြောသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် တော်လှန်ရေးအင်အားစုများက စစ်ကော်မရှင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုလက်ခံမည်မဟုတ်သည့်အပြင် ပါဝင်ပတ်သက်သူများကိုလည်း ထိရောက်စွာအရေးယူမည်ဟု သတိပေးထားသေးသည်။

ယခုကဲ့သို့ သတိပေးချက်များကြောင့် အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်လောင်းများ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးပါတီအများစုသည် မဲဆွယ်စည်းရုံးရေးအတွက် စီတန်းလှည့်လည်မှုထက် လူမှုကွန်ရက်စာမျက်နှာများတွင် စည်းရုံးရေးစာများကို တင်လာကြောင်းလည်း သိရသည်။

“Facebook ကနေပဲ ဆွယ်ဆွယ်၊ လူကိုယ်တိုင်တွေ့ပြီး ဆွယ်ဆွယ်၊ အခုက ပြည်သူတွေက လုံးဝကို မပတ်သက် ချင်နေတာ၊ စိတ်မဝင်စားတာထက် စိတ်ဝင်စားချင်စရာ ရှိမနေဘူး၊ တစ်ဖက်ကိုပတ်သက်ရင် အခြား တစ်ဖက်က ရန်ရှာမှာလား၊ သူတို့မှာလည်း တွေးကြောက်နေရတာ အဲဒီတော့ ဘယ်သူနဲ့မှ မပတ်သက်ဘူး။ အတင်းအကျပ်ဖြစ်လာလို့ မဲထည့်ရရင် သွားထည့်လိုက်မယ်၊ အဲဒီကနေ မပိုဘူး” ဟု စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ ပြည်သူများ စိတ်ဝင်စားမှု မရှိနေသည့်အပေါ် မော်လမြိုင်မြို့ခံတစ်ဦးက ၎င်း၏အမြင်ကို ‌ပြောသည်။

မဲဆန္ဒနယ်မြေအားလုံးသတ်မှတ်ထားသည့် မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအပိုင်း(၁)ကို မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် ကျင်းပမည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုး သားတိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)နှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

စာတည်း-ကိုဆန်း