26 Oct 2025 By / MPA
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသူများနာရေး၌ အရက်မူးနေသည့်ရဲဘော်၏ မဆင်မခြင်သေနတ်ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသူများနာရေးကို အောက်တိုဘာ၂၅ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနာရေးတွင် ရဲဘော်၏ မဆင်မခြင်သေနတ်ပစ်ခတ်မှုကြောင့် ကန်ပက်လက်ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သေဆုံးခဲ့ခြင်းဖြစ်သည်။
” တစ်ယောက်ပြောတာနဲ့ တစ်ယောက်ပြောတာမတူဘူးရယ်။ တမင် ပစ်မိတာတော့ မဟုတ်ဘူး။ မူးပြီး နောက်လဲကျရင်း ကျည်ထွက်တယ်လည်းပြောကြတယ်။ အတိကျတော့ မသိသေး”ဟု ကန်ပက်လက်ဒေသခံအမျိုးသားတစ်ဦးက MPA သို့ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးသွားသူများမှာ အသက်၁၆နှစ်အရွယ် မမာစီနှင့် အသက်၂၇နှစ်အရွယ် ကိုချိုင်ထန်းတို့ဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က အတည်ပြုသည်။
စစ်ကော်မရှင်သည် အောက်တိုဘာ၂၄ရက်နေ့တွင် ကန်ပက်လက်မြို့တွင်ကျင်းပပြုလုပ်သည့် ချင်းကာကွယ်ရေးတပ်(CDF-Kanpetlet) စစ်ဦးစီးချုပ်၏မင်္ဂလာပွဲကို ဂျက်ဖိုက်တာ၂စင်းဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် CDFရဲမေအပါအဝင် ၃ဦးကျဆုံးခဲ့ပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ကျဆုံးသူများနာရေးကို အောက်တိုဘာ၂၅ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
” ကန်ပက်လက်မှာ ခုက စတားလင့်တွေလည်းပိတ်ခိုင်းထားတယ်။ icom(ဆက်သွယ်ရေးစက်)တွေလည်း ကန့်သတ်ထားတယ်။ မသုံးကြရဘူး။ အဲ့ဒီတော့ သတင်းကဘာမှတိတိကျကျမသိရဘူး။ CC(ချင်းလဲန်းကောင်စီ) နဲ့CB(ချင်းညီနောင်) နှစ်ဘက်ထောက်ခံသူတွေကလည်း အမျိုးမျိုးဘဲ။ တခုခုဆို ဟိုဘက်ဒီဘက် အပြစ်တင်ဖို့ချောင်းနေကြတာ “ဟု ကန်ပက်လက်နှင့်နီးစပ်သည့် ဆောဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
CDFရဲဘော်၏ ပစ်ခတ်မှုနှင့်ပတ်သက်၍ ပြည်သူများအကြား သို့လောသို့လောငြင်းခုန်မှုများရှိနေပြီး ပစ်ခတ်မှုပြုလုပ်သည့်ရဲဘော်အား အရေးယူခြင်းရှိမရှိနှင့်ပတ်သက်၍ မေးမြန်းရန် MPAက အွန်လိုင်းမှတဆင့် CDF(ကန်ပက်လက်)ထံသို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်သည် ချင်းညီနောင်(CB)နှင့် မဟာမိတ်အဖွဲ့များသိမ်းပိုက်ထားသည့် မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ယမန်နေ့(အောက်တိုဘာ၂၅ရက်)၊ ည၈နာရီခွဲအချိန်ခန့်ကလည်း ကန်ပက်လက်မြို့နယ်တနေရာသို့ စစ်ကော်မရှင်က ဂျက်ဖိုက်တာ၂စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ မသိရှိရသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စာတည်း-ကိုဆန်း
