ရေဆန်ထဲက ဆယ်လ်မွန်ငါးကဲ့သို့

“ယောကျ်ားတွေ လုပ်နိုင်တာတွေကို မင်းတို့ မိန်းမတွေမလုပ်နိုင်ပါဘူးဆိုတဲ့ ချိုးနှိမ်ထားတာတွေကို သူတို့ထက်မလျော့ဘဲ လုပ်ပြနိုင်ခဲ့တယ်” ဟု အသက် ၂၅ နှစ်အရွယ် ရဲမေ မေဇာနည်မောင်က ဆိုသည်။

ထိုကဲ့သို့ ပြောပြနေသည့် ရဲမေ မမေဇာနည်မောင်မှာ လက်ရှိ ၂၀၂၅ ခုနှစ်အတွင်း အာရက္ခတပ်တော်(AA) နှင့် စစ်ကော်မရှင်တပ်များအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်းရှိ အမ်း၊ ပဒါန်း၊ မကွေးရိုးမအနီးဝန်းကျင်၌ နေထိုင်ကာ လူထုအကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိနေသည့် အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။

“စစ်သင်တန်းဆိုတဲ့အတိုင်း ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ ပင်ပန်းတယ်။ သင်တန်းတက်ရင်း တောင်တွေတက်ပြီး ရိက္ခာထမ်းရတာ၊ မိုးတွင်းဆိုတော့ ခြေ သဲဝဲစားတာတွေလည်းရှိတယ်။ Training အရ ထမင်းအငတ်ခံရတာတွေလည်းရှိတယ်။ တိုင်းရင်းသားဒေသက စစ်သင်တန်းတွေက တကယ့်စစ်မြေပြင်မှာ နေရတဲ့အတိုင်း သင်ပေးတာ။ အိမ်ကိုလည်း လွမ်းတယ်” ဟု ရဲမေ မေဇာနည်မောင် က ပြောသည်။

တပ်တွင်း၌ နေထိုင်ရသည့်အတွက် ရဲဘော်အမျိုးသား၊ ရဲမေအမျိုးသမီးများနှင့် အတူတကွ နေထိုင်ကြရသော်လည်း ပုံသေကားချပ်ဖြစ်နေသည့် ယောကျ်ား၊ မိန်းမခွဲခြားမှုနှင့် ဖိနှိပ်မှုများကို ၎င်းက တွန်းလှန်ခဲ့သည်။ ရဲမေ မေဇာနည်မောင်တစ်ယောက်က လူကောင်သေးသော်လည်း စိတ်ဓာတ်က ကျောက်စိုင်ကျောက်ခဲပမာ မာကျောလှသည်။

“အမျိုးသမီးတွေဆိုရင် တချို့လူတွေရဲ့ မျက်လုံးထဲမှာ ယောကျ်ားတွေထက် တစ်ဆင့်နိမ့်တယ်လို့ ပုံသေကြီး သတ်မှတ်ထားကြတာ။ ကျမနေခဲ့တဲ့ တပ်ထဲမှာဆိုလည်း “နင်တို့မိန်းမတွေ တောထဲဝင်ပြီး ဘာလုပ်နိုင်မှာလဲ၊ ထမင်းဘဲ ချက်နိုင်မှာပေါ့” ဆိုတာမျိူး၊ “ရှေ့တန်းလိုက်ပြီး လက်နက်မကိုင်နိုင်ပါဘူး” ဆိုတာမျိုး” တွေ အပြောခံရတယ်။ အဲ့ဒီလို စကားလုံးတွေကို ကျမ မကြိုက်တဲ့အတွက် အမျိုးသားရဲဘော်တွေနဲ့အတူ ရိက္ခာထမ်းတာမျိူး၊ သစ်သယ်၊ ဝါးသယ်တာတွေ လုပ်တယ်။ အုပ်ချုပ်မှုပိုင်းမှာလည်း မိန်းကလေးတစ်ယောက်အနေနဲ့ ဦးစီးဦးဆောင်မှု လုပ်ပြနိုင်ခဲ့တယ်” ဟု ရဲမေ မေဇာနည်မောင်က တွေ့ကြုံခဲ့ရသည့် ခွဲခြားဖိနှိပ်မှုများကို ပြန်လည်၍ ပြောပြသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်၌ ပြည်သူများ၏ ဆန္ဒပြုမဲများဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရရှိခဲ့သော်လည်း မဲမသမာမှုရှိသည်ဟု အကြောင်းပြကာ လက်ရှိ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့သည်။

ထိုကဲ့သို့ အာဏာသိမ်းသည့်အချိန်၌ တစ်နိုင်ငံလုံးရှိ အခြေခံ အလုပ်သမားလူတန်းစားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အဆင့်မြင့်ပညာရေးနှင့် အခြေခံပညာရေးကျောင်းများမှ ကျောင်းသူကျောင်းသားများ၊ အနုပညာရှင်များ စသည့် အလွှာပေါင်းစုံမှ ပြည်သူများက လမ်းမများပေါ်သို့ထွက်ကာ စစ်အာဏာရှင်ဆန့်ကျင့်ရေး လှုပ်ရှားမှုများကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဌာနဆိုင်ရာများမှ ဝန်ထမ်းအများစုအနေဖြင့်လည်း Civil Disobedient Movement(CDM) ပြုလုပ်ခဲ့ကြရာ၊ မကွေးတိုင်းအနောက်ခြမ်းရှိ မြို့နယ်တစ်ခုမှ သူနာပြုဆရာမ မမေဇာနည်မောင်တစ်ယောက်လည်း အပါအဝင်ဖြစ်ခဲ့သည်။

“အာဏာမသိမ်းခင်က အစိုးရဆေးရုံမှာ Nurse လုပ်ခဲ့ပါတယ်၊ အစိုးရဝန်ထမ်းပေါ့။ အာဏာသိမ်းပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီ ၇ ရက်မှာ CDM စလုပ်ခဲ့တယ်” ဟု ရဲမေ မေဇာနည်မောင်က ပြောသည်။

အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလပိုင်း၌ပင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည့် လက်နက်မဲ့ ပြည်သူလူထုကို စစ်အာဏာရှင်၏ လက်ပါးစေများက လူသတ်လက်နက်များကို အသုံးပြုကာ အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်ဆောင်လာသည့်အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် မမြသွဲ့သွဲ့ခိုင် ကျဆုံးခဲ့ရသည်။

အဆိုပါ အကြမ်းဖက်ဖြိုခွင်းမှုများကို ရပ်တန့်ခြင်းမရှိဘဲ စစ်ကော်မရှင်က ဆက်တိုက်လုပ်ဆောင်လာသည့်အတွက် ရဲမေ မေဇာနည်မောင်အပါအဝင် လူငယ်များက စစ်ကော်မရှင်ကို တော်လှန်ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်၍မရဘဲ လက်နက်ကိုင်ဆွဲ၍ ဖြုတ်ချမှသာ အမြစ်ဖြုတ်နိုင်မည်ဟူသော ယုံကြည်ချက်ကို ကိုင်ဆွဲကြပြီး တိုင်းရင်းသားနယ်မြေများဆီသို့ စစ်ပညာသင်ကြားရန် အသီးသီး ခြေဆန့်ခဲ့ကြသည်။

စစ်ကော်မရှင် အာဏာသိမ်းချိန်၌ ၎င်း၏ အသက်မှာ ၂၀ စွန်းစွန်းသာရှိသေးသည့် အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ မိသားစု၌ ၎င်းအပါအဝင် မွေးချင်းမောင်နှမ ငါးယောက်ရှိပြီး အငယ်ဆုံးသမီးလေးလည်း ဖြစ်သည်။ အငယ်ဆုံးသမီးလေး ဖြစ်သည့်အလျောက် တောထဲသို့သွား၍ စစ်ပညာသင်ကြားရန် မိဘများက မလိုလားကြသော်လည်း ချုပ်ချယ်ခြင်းမရှိပေ။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းတွင် တိုင်းရင်းသားဒေသတစ်ခုသို့ ထွက်ခွာလာခဲ့သည်။

“အဲ့ဒီ့တုန်းက သိလိုက်တာက စစ်တပ်သာ ဆက်အုပ်ချုပ်နေရင် ဖိနှိပ်မှုတွေခံရမယ်ဆိုတာကို သေချာသိခဲ့တယ်။ ပြီးတော့ စစ်အာဏာရှင်ကို မကြိုက်တာရယ်၊ ငါတို့တော်လှန်မှရမယ် ဆိုတဲ့အသိရယ်ကြောင့် လက်နက်ကိုင်တော်လှန်ရေးထဲကို ခြေစုံပစ်ဝင်ခဲ့တာပါ။ CDM လုပ်ပြီး တောထဲဝင်ဖို့စီစဥ်ခဲ့ပေမယ့် အိမ်က ခွင့်မပြုတာရယ်၊ မိသားစုရှိနေသေးတာရယ်ကြောင့် ချက်ချင်း မဝင်ဖြစ်ခဲ့ဘူး။ စစ်သင်တန်းတက်တာတော့ နောက်ကျခဲ့ပါတယ်” ဟု ရဲမေ မေဇာနည်မောင်က တော်လှန်ရေးနယ်မြေသို့ သွားရောက်၍ စစ်သင်တန်းတက်ဖြစ်ပုံကို ပြန်ပြောင်း၍ ပြောပြသည်။

တိုင်းရင်းသားတော်လှန်ရေးတပ်တစ်ခုထံတွင် သုံးလနီးပါးကြာသည့် စစ်သင်တန်းကို တက်ရောက်ခဲ့ပြီး တာဝန်ကျရာ တပ်များ၏ စစ်ဦးစီးဌာန၌ ရုံးစာရေး၊ ရှေ့တန်းစုဖွဲ့မှုစစ်ကြောင်းတို့တွင် ရုံးအုပ်တာဝန်တို့ကို တာဝန်ထမ်းဆောင်ခဲ့သည်။

“တပ်မှာပဲဖြစ်ဖြစ်၊ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ် မိန်းကလေး၊ အမျိုးသမီးတွေဖြစ်နေတာမို့လို့လည်း အခွင့်အရေးပိုပေးတာမျိုး၊ ညှာပေးတာမျိုး မလိုချင်သလို၊ မိန်းမတွေမို့လို့ တစ်ဆင့်နိမ့်သလို ခွဲခြားဆက်ဆံတာမျိုးတွေလည်း မလုပ်သင့်ဘူး။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ လုပ်ကိုင်နိုင်တယ်” ဟု ရဲမေ မေဇာနည်မောင်က မှတ်ချက်ပြုသည်။

တပ်ထဲ၌ နေစဥ်အတွင်း ရှေ့တန်းစစ်မြေပြင်အနီးသို့ ခြေလျင်စစ်ကြောင်းထွက်ကာ ရိက္ခာပို့ဆောင်ရခြင်း၊ ဌာနချုပ်ပြောင်းသည့်ကာလများတွင် အမျိုးသားရဲဘော်များနှင့်အတူ လုပ်ငန်းဆောင်တာများကို တန်းတူလုပ်ဆောင်ခဲ့သည်။

“ကျမတို့ ရိုးမတွေပေါ်မှာ ခြေလျင်စစ်ကြောင်းလျှောက်ရတာမျိုးရှိတယ်။ ဝါးတောကြီးထဲမှာ လျှောက်ရတာ၊ မိုးကစိုစိစိနဲ့လေ။ ဝါးရွက်ပေါ်မှာလည်း ကျွတ်တွေ၊ မျှော့တွေ၊ မြေကြီးပေါ်မှာလည်း ကျွတ်တွေ။ အဲ့ဒီ့အကောင်တွေကြားထဲ အထုပ်တွေကတစ်မျိုးနဲ့ ခက်ခက်ခဲခဲ သွားခဲ့ရတာ။ ကျွတ်တွယ်လို့ ငိုရတာတွေရောပဲ” ဟု တွေ့ကြုံခဲ့ရသည့် အမှတ်တရအချို့ကို ပြန်ပြောင်း၍ ပြောပြသည်။

မမေဇာနည်မောင်မှာ တိုင်းရင်းသားသွေးနှောသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သွက်လက်ချက်ချာသည်။ အလုပ်လုပ်ရာတွင်လည်း စိတ်ရောကိုယ်ပါနှစ်၍ စူးစူးနစ်နစ် လုပ်ဆောင်တတ်သူ ဖြစ်သည်။ ကျရာတာဝန်ကို ငြီးငြူခြင်းမရှိ၊ ကျေပွန်စွာ လုပ်သည်။ အရပ်မှာ ငါးပေငါးလက်မဝန်းကျင်ရှိသည်။ ဆံပင်တိုတိုနှင့်သာ နေသည်။

သူ တာဝန်ထမ်းဆောင်သည့် တပ်မှာလည်း မဟာမိတ်တော်လှန်ရေးတပ်များ ခြေကုပ်ရယူထားသည့် ဒေသများတွင် စခန်းတည်ဆောက်ရသည်။ တိုင်းရင်းသားဒေသများ ဖြစ်သည့်အလျောက် လူမျိုးရေးဖိနှိပ်မှုအချို့ကို ကြုံတွေ့ခဲ့ရသည်။

တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့်အတူ ယှဥ်တွဲနေထိုင်ရာ၌ ကျား၊ မ တန်းတူအခွင့်အရေးကို ညီတူမျှတူပေး၍ ဆက်ဆံကြသော်လည်း လူနည်းစုဖြစ်နေသည့်အတွက် ခွဲခြားဆက်ဆံမှုများကို တွေ့ကြုံခဲ့ရသည်။

“ဥပမာ ဗမာတစ်ယောက် တိုင်းရင်းသားနှစ်ယောက်ရှိနေရင် သူတို့အချင်းချင်းစကားပြောတဲ့အခါ နားမလည်တဲ့ဗမာက ဘယ်သူ့အကြောင်းပြောနေတာ၊ ဘာအကြောင်းပြောနေတာ မသိရတဲ့အတွက် အထင်လွဲစရာတွေဖြစ်လာတာတွေရှိတယ်။ ပြီးတော့ သူတို့ အချင်းချင်းမှ ပိုမျက်နှာသာပေးတာတွေလည်း ရှိတယ်။ ကျမလည်း ဗမာသွေးတဝက်ပါပဲ၊ သူ့ဘက်ရော ကိုယ့်ဘက်ရော မျှတွေးပေးလို့ရတယ်။ တချို့ကတော့အဲ့ဒီ့လိုမတွေးနိုင်ကြဘူး။ လူမျိုးရေးခွဲခြားတာမျိူးတွေ လုပ်ကြတာမျိူးတွေ တွေ့ရတယ်” ဟု တိုင်းရင်းသားဒေသတွင် နေထိုင်ခဲ့စဥ်က တွေ့ကြုံခဲ့ရသည်များကို မမေဇာနည်မောင် က ပြောပြသည်။

ထိုသို့ နေထိုင်နေစဥ်ကာလအတွင်း၌ အထက်အရာရှိအချို့၏ ရဲဘော်နှင့် အရာရှိများကြား ခွဲခြားဆက်ဆံခံရမှုများကို ရဲမေ မေဇာနည်မောင် ကြုံတွေ့ခဲ့ရသည်။

တပ်တစ်ခု၌ စည်းမျဥ်းစည်းကမ်းများ ချမှတ်ထားသော်လည်း အဆိုပါစည်းမျဥ်းများကို အောက်ခြေရဲဘော်များကသာ လိုက်နာကျင့်သုံးနေရပြီး ဖောက်ဖျက်မိပါက ပြစ်ဒဏ်ကျခံနေရကာ၊ အထက်အရာရှိများအနေဖြင့် စည်းကမ်း ဖောက်ဖျက်မှုများရှိနေသော်လည်း အဆိုပါ ဖောက်ဖျက်မှုများကို ထိန်ချန်ထားကြခြင်း ဖြစ်သည်။

“အပြစ်လုပ်တဲ့အရာရှိကို ပြစ်ဒဏ်ကိုအတိအကျ မခံခိုင်းဘဲသွေဖယ်ပေးတယ်။ ရဲဘော်နဲ့ အရာရှိတွေကြား ခွဲခြားတဲ့အပြင် တရားမမျှတဘူးလို့လည်း ယုံကြည်တယ်။ ပြီးတော့ ဒီအထက်အရာရှိတွေကမှ တရားမျှတမှု၊ တန်းတူညီမျှမှုကို မပေးနိုင်ရင် ဒီတော်လှန်ရေးကာလအလွန်မှာ ကျမတို့ကို အားကိုးနေတဲ့ပြည်သူတွေကို ဘာတွေပြန်ပေးနိုင်မလဲ ဆိုတာကို တွေးမိတယ်။ အဲ့ဒီလို ဘက်လိုက်မှု၊ မညီမျှမှုတွေကိုလည်း ကျမတွန်းလှန်ခဲ့ပေမယ့် တရားမျှတမှု မရခဲ့ပါဘူး။ ဒါကြောင့်ပဲ ကျမ ဒီလိုလူတွေနဲ့ တော်လှန်ရေးအတူမလုပ်နိုင်ပါဘူးဆိုပြီး တပ်ထဲကနေ ထွက်စာတင်ပြီး ထွက်ခဲ့တယ်” ဟု တွေ့ကြုံခဲ့ရသည်များကို ၎င်းက ပြောပြသည်။

တပ်မှ နှုတ်ထွက်ရန် စာတင်ပြခဲ့သော်လည်း လွယ်လွယ်ကူကူနှင့် ထွက်၍ မရခဲ့ပေ။ ရဲမေလိုအပ်ချက်၊ ထောက်ပို့နှင့် ရုံးပိုင်းဆိုင်ရာလိုအပ်ချက်များ စသည်ဖြင့် အကြောင်းပြချက်အမျိုးမျိုးပြကာ ဟန့်တားမှုများ ကြုံခဲ့ရသည်။

တပ်ကို စွန့်ခွာ၍ ထွက်လာသည့်နောက်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ စိတ်တူကိုယ်တူသူငယ်ချင်းတစ်ဦးနှင့် ချိတ်ဆက်မိကာ ၂၀၂၃ ခုနှစ်တွင် စစ်ကိုင်းတိုင်းအတွင်း ရောက်ရှိခဲ့ပြီး ဒေသတွင်း လူထုအကျိုးပြုလုပ်ငန်းများကို လက်ရှိအချိန်ထိ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လျက်ရှိနေသည်။

“မြေပြင်မှာ လူထုနဲ့အတူနေပြီး သူတို့ရဲ့အခက်အခဲတွေကို ကူညီတယ်။ တပ်ထဲကနေ အလုပ်မလုပ်ရင်တောင် ပြည်သူတွေနဲ့တသားတည်းရပ်တည်ပြီး အကျိူးပြုအောင်တော့ လုပ်နိုင်ချင်တယ်ဆိုတဲ့စိတ်နဲ့ပါ။ ဆေးဝါး၊ စားနပ်ရိက္ခာ လိုအပ်ချက်တွေ၊ လေကြောင်းရန်ကာကွယ်ရေး၊ စစ်ရှောင်အရေးတွေ စသည်ဖြင့် ထဲထဲဝင်ဝင်လုပ်ကိုင်ခဲ့ပါတယ်၊ ဆက်လက်ပြီးလည်း ပြည်သူ့အကျိုးကို ဆောင်ရွက်နေပါတယ်” ဟု လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခဲ့ပေမဲ့ တော်လှန်ရေးအထောက်အကူအဖြစ်ဖို့ ပါဝင်ဆောင်ရွက်နေပုံတွေကို ရဲမေ မေဇာနည်မောင် ပြောပြခဲ့လေသည်။

စာတည်း-ကိုဆန်း