ရန်ကုန်မြို့ လူငယ်များကို ဖမ်းဆီးကာ စစ်မှုထမ်းဈေးကွက်ထဲ ပြန်ရောင်းစားသည့်ဂိုဏ်းတွင် အမျိုးသမီးများပါ ပါဝင်လာကြောင်း Rangoon Scout Network- RSN ထံက သိရသည်။
ရန်ကုန်မြို့တွင်း ၆ထပ်ရုံး လုံခြုံရေးဝန်ထမ်းတစ်ဦးသည် အောက်တိုဘာ၂၀ရက်၊နေ့ခင်းပိုင်းက ရုံးမှ အိမ်သို့ လိုင်းကားစီးပြီး ပြန်လာစဉ် အမျိုးသမီး၂ဦးက မူးယစ်ဆေးတစ်မျိုးသုံး၍ ခေါ်ဆောင်သွား ပြီးနောက် ရဲမွန်တပ်ထဲသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် စစ်မှုထမ်းအတွက် ရှမ်းပြည်နယ်ဘက်သို့ ထပ် ပို့ခံခဲ့ရကြောင်း RSN က အောက်တိုဘာ၂၇ရက်၌ ထုတ်ပြန်ထားသည်။
“အမျိုးသမီး ၂ ဦး ခေါ်သွားတာလို့ပဲ ပြောပြပါတယ်ဗျ။ လူရောင်းစားတဲ့ဂိုဏ်းတွေလို့ ယူဆတယ်ဆို ပြီး သူပြောပါတယ်။ ကားစီးပြီး အိမ်ပြန်နေတုန်းမှာ အဲ့နေ့က အိမ်နဲ့ အဆက်အသွယ် နောက်ဆုံးရ လိုက် ပြီး ပျောက်သွားတယ်ဗျ။ အဲ့ကားပေါ်မှာပဲ အမျိုးသမီး ၂ ဦးက လှုပ်ရှားသွာပုံရပါတယ်”ဟုဖမ်း ဆီး ခံ အမျိုးသား၏ မိသားစုဝင်များ ပြောပြချက်အပေါ် အခြေခံကာ RSN တာဝန်ရှိသူက MPA သို့ပြောသည်။
ဖမ်းဆီးခံအမျိုးသားသည် အသက်၃၀ဝန်းကျင်ဖြစ်ပြီး မိသားစုနှင့် အဆက်အသွယ်ရသည့်အချိန်တွင် ပြန်ရွေးထုတ်ရန် ကျပ်သိန်း၁၀၀ ပေးရမည်ဟုဆိုကြောင်း မိသားစုက ငွေပေးမည်ဟု ဆို ချိန်တွင် ရှမ်းပြည်နယ်ဘက်သို့ ပို့လိုက်ပြီဖြစ်၍ ပြန်ရွေး၍ မရတော့ကြောင်း RSN က ထုတ်ပြန်ထား သည်။
“ အမျိုးသမီးတွေ လှုပ်ရှားတာ ခုမှ ကြားဖူးရတာပါဗျ။ အရင်က အမျိုးသားတွေ လှုပ်ရှားတာပဲ ကြားရလေ့ရှိပါတယ်”ဟု RSN တာဝန်ရှိသူက ထပ်လောင်းပြောသည်။
ဖမ်းဆီးခံအမျိုးသားသည် ရန်ကင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အမျိုးသမီး၂ဦးက မည်သို့သော မူးယစ်ဆေးဖြင့် မည်သို့မည်ပုံ အသိလွတ်အောင်လုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသလဲဆို သည့် အသေးစိတ်အချက်များကို မိသားစုဝင်များလည်း မသိပေ။
စစ်မှုထမ်းအတွက် လူတစ်ဦး ဖမ်းဆီးပေးနိုင်လျှင် ကျပ်၁၀သိန်းမှ ၁၅သိန်းအထိ ရရှိကြကြောင်း သိရ သည်။
