စစ်ကော်မရှင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ ဒေသခံများကို စစ်တပ် ဖမ်းဆီးမှုများနှင့် နေအိမ်ချိတ်ပိတ်မှုများ လုပ်ဆောင်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများရှိနေကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်က စစ်ကော်မရှင်တပ်များသည် သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲခြင်းဖြစ်ပြီး တအာင်းတပ်မတော်-TNLA နှင့် PDF တို့နှင့် ဆက်စပ်သူများရှိသည်ဟု အကြောင်းပြကာ ဒေသခံအချို့၏ နေအိမ်များကို ချိတ်ပိတ်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။
“အရင်က တအာင်းတပ်ဖွဲ့ ဖွဲ့ထားတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ၊ ပြီးတော့ တအာင်းတပ်နဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်တဲ့အိမ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ၊ ချိတ်ပိတ်တာတွေလုပ်နေတယ်။ အခုလောလောဆယ်တော့ စစ်တပ်က သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ စတင်လည်ပတ်နေပြီ၊ စာသင်ကျောင်းတွေလည်း ဖွင့်နေတယ်။ ကျတော်တို့လည်း ဒီမှာ ဆက်နေဖို့ မနေဖို့ စဉ်းစားနေရတယ်။ ရှောင်တဲ့သူတွေလည်း ရှောင်ကုန်ပြီ၊ နောက်ဘာဆက်ဖြစ်လာမလဲ မသိရဘူး” ဟု သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ သီပေါမြို့အတွင်း စစ်ကော်မရှင်က ဒေသခံ ၁၀ ဦးကျော်ကိုဖမ်းဆီးထားပြီး နေအိမ် အလုံး ၄၀ကျော်ကို ချိတ်ပိတ်ထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“အရင်က TNLA တပ်ဝင်ထွက်သွားလာတဲ့ အိမ်တွေ၊ နေရာလေးတွေ စစ်ဆေးပြီး ဖမ်းတာလုပ်တယ်။ ပြီးတော့ သူတို့(စစ်တပ်) စစ်လို့ ဘာမှမတွေ့ရင်တော့ လွှတ်ပေးပါတယ်။ လာစစ်တဲ့အချိန်ဆိုရင် စစ်တပ်အပြင် ရဲတွေလဲပါတယ်။ ကျတော်တို့ အမြင်ကလေ ဘယ်လက်နက်ကိုင်တွေလာလာ ပြည်သူတွေက အကောင်းဆုံး ဆက်ဆံပေးရတာပဲ၊ ကျတော်တို့ ပြည်သူတွေမှာက ဘာမှ မရှိဘူးလေ၊ သံသယရှိတာနဲ့ ဖမ်းတယ်၊ ရိုက်တယ်” ဟု နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ ကျောက်မဲမြို့နယ်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင် ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ပြီး နေအိမ်အချို့ ချိတ်ပိတ်ခံရမှုများရှိနေသည်။
“ကျမကျောက်မဲပြန်တဲ့နေ့က စစ်တပ်က ဂိတ်တွေချတာတော့တွေ့တယ်။ ပြီးတော့ မြို့ပတ်ပြီး ကင်းလှည့်တာတွေလုပ်တယ်။ လမ်းသွားလမ်းလာတွေကိုတော့ စစ်ဆေးတာမရှိဘူး။ ကျမမိတ်ဆွေအိမ်တွေ ချိတ်ပိတ်ခံထားရတယ်။ ဆေးရုံနားက လက်ဖက်ရည်ဆိုင်လဲ ချိတ်ပိတ်ခံရတယ်။ ဘာကြောင့်ဆိုပြီး လိုက်မမေးရဲဘူး။ ကိုယ်ပါအဖမ်းခံရမှာကို ကြောက်ရလို့” ဟု ကျောက်မဲမြို့သို့ ပြန်လည်နေထိုင်သည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၅ရက်က ကျောက်မဲမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ ဒေသခံသုံးဦးဖမ်းဆီးခံခဲ့ရပြီး နေအိမ်ခြောက်လုံးထက်မနည်းကို စစ်တပ်က ချိတ်ပိတ်ခဲ့သည်။
စစ်ကော်မရှင်ကမူ ၎င်းတို့ ပြန်လည်ထိန်းချုပ်ထားသည့် မြို့များတွင် ပြည်သူများကို အေးချမ်းစွာ အုပ်ချုပ်နေသည်ဟု လူမှုကွန်ရက်စာမျက်နှာများ၌ ဝါဒဖြန့်မှုများကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လျက်ရှိသည်။
