အမေရိကန်နှင့် အိန္ဒိယတို့အကြား ၁၀ နှစ်တာ ကာကွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး

အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် အခွန်အကောက်ပြဿနာများ ရှိနေသော်လည်း လာမည့် ၁၀ နှစ်တာကာလအတွက် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့မည့် မူဘောင်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်သည်။

အဆိုပါ သဘောတူစာချုပ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်နှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာ့ဂ်ျနတ် ဆင်းဂ်တို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ တွေ့ဆုံပြီးနောက် ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါသဘောတူညီချက်တွင် ပူးပေါင်းဆောင်ရွက်မှု၊ သတင်းအချက်အလက် မျှဝေခြင်းနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ခြင်းအပြင် ဒေသတွင်း တည်ငြိမ်ရေးနှင့် ခြိမ်းခြောက်ဟန့်တားနိုင်စွမ်း ကို မြှင့်တင်မည်ဟု ဟက်ဂ်ဆက်သ်က X တွင် ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ရုရှားရေနံနှင့် လက်နက်များ ဝယ်ယူမှုအတွက် ၂၅ရာခိုင်နှုန်း ဒဏ်ကြေးအပါအဝင် အိန္ဒိယအပေါ် ၅၀ ရာခိုင်နှုန်း အခွန်များ ချမှတ်ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာသော ဆက်ဆံရေးကို ကျော်လွှားရန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို ရရှိရန် ကြိုးပမ်းနေချိန်တွင် ယခု သဘောတူညီချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ဆင်းဂ်ကလည်း “ဒါဟာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာနေတယ်ဆိုတဲ့ အချက်ပြမှုတစ်ခု ဖြစ်ပြီး၊ ဆယ်စုနှစ်သစ်တစ်ခုရဲ့ မိတ်ဖက်ဆက်ဆံရေးကို ဖော်ဆောင်ပေးပါလိမ့်မယ်။ ကာကွယ်ရေးကဏ္ဍဟာ ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အဓိက မဏ္ဍိုင်အဖြစ် ဆက်လက်တည်ရှိနေမှာပါ။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ လွတ်လပ်၊ ပွင့်လင်းပြီး စည်းမျဉ်းအခြေခံတဲ့ အိန္ဒိယ-ပစိဖိတ်ဒေသအတွက် မရှိမဖြစ်လိုအပ်ပါတယ်” ဟု X တွင် ရေးသားခဲ့သည်။