ထိုင်း ဥပဒေပြု အောက်လွှတ်တော်ကို ဖျက်သိမ်းရန်အတွက် တော်ဝင်အမိန့်ကြေညာချက်ကို စက်တင်ဘာလ ၂ရက်နေ့က တင်သွင်းခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း ပေထောင်တန်၏ Pheu Thai ပါတီမှ ယာယီဝန်ကြီးချုပ် ဖူထမ် ဝေချယာချိုင်းက ယနေ့ အတည်ပြုပြောကြားခဲ့သည်။
People’s Party သည် ဝန်ကြီးချုပ်ရာထူးအတွက် Bhumjaithai Party ခေါင်းဆောင် အနူတင် ချန်ဗီရာကူလ်ကို ထောက်ခံသော်လည်း အတိုက်အခံအဖြစ် ဆက်လက်ရပ်တည်နေမည်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် အမတ်အနည်းစုပါဝင်သည့် အစိုးရကို ဖြစ်ပေါ်စေမည်ဟု မျှော်လင့်ရကြောင်း ၎င်းက ရှင်းပြခဲ့သည်။
နောက်ဆုံးရရှိသည့်သတင်းများအရ People’s Party တွင် အမတ် ၁၄၂ ဦးနှင့် Pheu Thai ပါတီတွင် အမတ် ၁၄၀ ဦးရှိသောကြောင့် အတိုက်အခံပါတီတွင် အမတ်စုစုပေါင်း ၂၈၂ ဦးထက်မနည်း ထိန်းချုပ်ထားပြီး Bhumjaithai ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တွင်မူ အမတ် ၁၃၀ မှ ၁၄၀ ခန့်သာ ရှိကြောင်း သိရသည်။
ထိုသို့ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေနှင့် လက်ရှိရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲများကြောင့် နိုင်ငံအပေါ် ယုံကြည်မှုပြန်လည်ရရှိရန် အရေးကြီးကြောင်း ဖူထမ်က ထောက်ပြခဲ့သည်။
လွှတ်တော်ကို မဖျက်သိမ်းပါက ပြည်တွင်းမရေရာမှုများနှင့် ထိုင်းနိုင်ငံ၏ နိုင်ငံတကာဂုဏ်သိက္ခာကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။
ထို့ကြောင့် Pheu Thaiပါတီအနေဖြင့် ပြည်သူများထံသို့ အာဏာပြန်လည်ပေးအပ်သင့်သည်ဟု ယုံကြည်ကြောင်းနှင့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တော်ဝင်အမိန့်ကို တောင်းခံရန် လိုအပ်ကြောင်း ဖူထမ်က ရှင်းလင်းပြောကြားသည်။
