ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဇုန်တစ်နေရာရှိ KDEP ကွန်ပျူတာသင်တန်းသူ၊ သင်တန်းသားများ အခက်အခဲများအကြားမှ ယခုနှစ်အမီ သင်တန်းဆင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယခုနှစ်အတွင်း စတင်ဖွင့်လှစ်ခဲ့သည့် KDEP ကွန်ပျူတာအခမဲ့သင်တန်းကို ကရင်နီပြည်အတွင်းရှိ ကောလိပ်ကျောင်းများတွင်လည်း ကွန်ပြူတာသင်တန်းများပို့ချသင်ကြားလျက်ရှိကြောင်း Karenni Digital Empowerment Program(KDEP) တည်ထောင်သူက ပြောသည်။
“သင်တန်းဖွင့်ဖို့စဉ်းစားဖြစ်တဲ့အဓိက အချက်က လူငယ်တွေနဲ့ ရဲဘော်တွေကြောင့်ဆိုရင်တော့ ပိုမှန်မယ်နဲ့တူတယ်။ ဖြတ်သွားဖြတ်လာရင်း လမ်းပေါ်က ပညာရေးတစ်ပိုင်းတစ်စနဲ့ လူငယ်တွေ၊ တပ်ရင်းမှာလူငယ်ဘဝ ကျောင်းသားဘဝကို စွန့်ပြီးလာကြတဲ့ ကိုယ့်ညီ၊ ညီမလေးအရွယ်တွေကို ဒီတော်လှန်ရေးကြီးမှာ သူတို့အတွက် တစ်ခုခု ပေးလိုက်ချင်တာနဲ့ IT နဲ့ ကျောင်းပြီးထားတဲ့ ညီလေးနဲ့ ချိတ်ဆက် ဆက်သွယ်ပြီး ကိုယ်လုပ်ချင်တဲ့ Plan လေးတွေကို ပြောပြတော့ သူလည်း စိတ်အားထက်သန်တဲ့ လူငယ်ဆိုတော့ နှစ်ခါမပြောလိုက်ရဘူး ဒီအစီစဉ်လေးကို အကောင်ထည်ဖြစ်သွားတာပေါ့”ဟု ၎င်းကပြောသည်။
KDEP အနေဖြင့် ကရင်နီလူငယ်များအပါအဝင် လူထုအတွက် ကွန်ပျူတာနှင့် နည်းပညာအသုံးပြုနိုင်စွမ်း၊ အွန်လိုင်းနည်းပညာလောကတွင် တက်ကြွစွာ ပါဝင်နိုင်စွမ်းနှင့် ဒစ်ဂျစ်တယ်လုံခြုံရေး အသိပညာများကို မြှင့်တင်ပေးလိုသော ရည်ရွယ်ချက်ဖြင့် အခက်အခဲများကြားမှ အခမဲ့ ပညာဒါနသင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း KDEP တည်ထောင်သူက ဆက်ပြောသည်။
“ဒီသင်တန်းကို ပြီးမြောက်တဲ့ထိ တက်ပြီးသွားရင်တော့ နည်းပညာပိုင်းဆိုင်ရာလုံခြုံရေးအပြင်၊ ရုံးလုပ်ငန်းပိုင်းတွေမှာ ကွန်ပျူတာ နဲ့ ပတ်သက်ပြီး လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်တယ်။ Programming ပိုင်းကို စိတ်ဝင်စားတဲ့သူဆိုရင် သူတို့ကိုယ်တိုင် လေ့လာလို့ရတဲ့အထိ လိုအပ်တဲ့ အခြေခံ programmingကို စနစ်တကျ သင်ကြားပေးတာဖြစ်တဲ့အတွက် သင်ကြားနေတဲ့ လူငယ်တွေဟာ ရုံးပိုင်းမှာ ရုံးစာရေးအနေနဲ့သော်လည်းကောင်း၊ ပညာဆက်လက်လေ့လာနေတဲ့သူတွေ အတွက်က သူတို့အတွက်ပိုပြီး ကောင်းမွန်တဲ့ အထောက်ပံ့ကောင်းတွေ ရရှိသွားမယ်လို့လဲ ယုံကြည်ပါတယ် ”ဟု ၎င်းက ပြောသည်။
KDEP စတင်လည်ပတ်ချိန်တွင် ဒီးမော့ဆို မြို့နယ်အတွင်းသို့ စစ်ကော်မရှင်က စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံသောင်းနှင့်ချီအတူ သင်တန်းသားများလည်း ဘေးလွတ်ရာရှောင်ခဲ့ရသော်လည်း သင်တန်းအား ပြီးမြောက်အောင် ဆက်လက်သင်ကြားမှုများပြုလုပ်နေခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ ဒီးမော့ဆိုမြိုနယ်၌ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ယနေ့ချိန်ထိ ဖြစ်ပွားလျက်ရှိပြီး စစ်တပ်ဘက်က လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် စစ်ဘေးရှောင် ကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည်။
“တိုက်ပွဲတွေဖြစ်လာတော့ အိမ်က ကလေးနှစ်ယောက်ကို တက်လက်စကျောင်းကနေထုတ်ပြီး ဘေးလွတ်ရာပြေးရတာပေါ့။ကရင်နီမှာဆို စစ်တပ်က ကျောင်းတွေနဲ့စစ်ရှောင်တွေကို ဗုံးကြဲတော့ အိမ်ကကလေးတွေကို စိတ်မချတာနဲ စက်တင်ဘာ လောက်အထိ ကျောင်းမထားဖြစ်ဘူး။ အဲ့ဒီအချိန်ကလေးတွေကို ကြည့်တဲ့အခါတိုင်း ကျောင်းလွှတ်လို့ ဗုံးကြဲခံရပြီးသေရင်လဲ ရင်ကျိုးရဦးမယ်။ ပညာမသင်ပေးတဲ့ မိဘဖြစ်မှာလဲပူရပြန်ရော ”ဟု ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းနေ စစ်ရှောင်တစ်ဦးက ပြောသည်။
KDEPမှ သင်တန်းသား ၈၀ဦးထက်မနည်းအား Class A, B နှင့် C သုံးပိုင်းခွဲကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း ကွန်ပျူတာသင်တန်းများ သင်ကြားပေးနေပြီး Class A အား မနက် ၉နာရီမှ နေ့လယ်၁၂နာရီ၊ Class B အား မွန်းလွဲ၁နာရီမှ ညနေ ၄နာရီအထိလည်းကောင်း ၊ Class Cအား ရုံးသမားများနှင့် ကျောင်းဆရာ၊ ဆရာမများတက်ရောက်နိုင်ရေးအတွက် တစ်ပတ်လျှင် စနေနေ့တစ်ရက်သာ နံနက် ၉နာရီမှ နေ့လယ် ၁၂နာရီအချိန်ထိ သင်ကြားပေးလျက်ရှိသည်။
ယခုနှစ်၊ ဒီဇင်ဘာလအတွင်း နယ်မြေလုံခြုံရေးအခြေအနေများအရ KDEPသင်တန်းကျောင်း၏ ပထမအပတ်စဉ် Class A နှင့် B မှ သင်တန်းသူ/သင်တန်းသား ၂၈ဦးကိုသာ သင်တန်းဆင်းလက်မှတ်ပေးအပ်သွားမည်ဖြစ်ကြောင်း KDEP တည်ထောင်သူက ပြောသည်။
လက်ရှိ KDEPကွန်ပျူတာသင်တန်းကျောင်းအနေဖြင့် မီးစက်ကိုသာ အားပြုနေရသည့်အတွက် မီးစက်အခက်အခဲနှင့် သင်ထောက်ကူပစ္စည်းများ၏ အရည်အသွေးကောင်းမွန်စွာမလုံလောက်ခြင်းကြောင့် သင်ကြားရေးပိုင်းတွင် နှောင့်နှေးရသည့်အခက်အခဲများအပြင် စစ်လက်နက်အန္တရာယ်ကိုလဲ သတိထားစောင့်ကြည့်ကာ သင်ကြားနေရသည်။
