ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေထဲသို့ ဝင်လာသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး တစ်ဦးအပါအဝင် ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂ ရက်တွင် ကျောက်ကြီးမြို့နယ်၊ သံဘိုရွာအခြေစိုက် ခလရ ၆၀ မှထွက်လာသည့် စစ်သားနှင့်ပျူ ပူးပေါင်းအင်အား ၁၀၀ ကျော်တို့သည် ကျောက်ကြီးမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ရာ ကျေးရွာများအနီးသို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဆီးကြိုတိုက်ခိုက်ခဲ့ရာ ၄ နာရီခန့်ကြာ အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေက ယနေ့(စက်တင်ဘာ၃ရက်) သတင်းထုတ်ပြန်သည်။
“ကျနော်တို့ စိုးမိုးဧရိယာဖြစ်တဲ့ ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို ကျူးကျော်လာတဲ့အခါမှာ ဆီးကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သေဆုံးတဲ့ dead body တွေကို ကျနော်တို့ရရှိခဲ့တယ်ပေါ့နော်။ရရှိတဲ့အခါမှ ဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးထက်မနည်းလို့ အတည်ပြုနိုင်ခဲ့တယ်ပေါ့”ဟု အမှတ် ၂ -စစ်ဆင်ရေးနယ်မြေ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုစောဒိုရှင်းက MPA သို့ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်တပ်က လေကြောင်းမှ ပေါင် ၁၀၀ ဗုံးများကြဲခြင်းအပြင် ၁၂၀ မမနှင့် ၆၀ မမလက်နက်ကြီးတို့ဖြင့်လည်း ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” သူတို့ရဲ့ လေကြောင်း ရမ်းသန်းပစ်ခတ်မှုမှာတော့ ပြည်သူ တစ်ဦးထိခိုက်ပေမဲ့ သိပ်တော့မစိုးရိမ် ရတဲ့ အတွက် စိတ်ချမ်းသာရတယ်ပေါ့နော်။တခြားတော့ ထိခိုက်မှုမရှိပါဘူး။ထိတွေ့မှုပြီးတော့ ပြည်သူတွေအနေနဲ့တော့ လတ်တလောအခြေအနေထိတော့ ထွက်ပြေးတိမ်းရှောင်ရတာမျိုးတွေ အရမ်းရှိမနေသေးပါဘူးဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် RPG တစ်လက် ၊ လက်နက်ငယ် ၇ လက် ၊ ခဲယမ်းများနှင့် စစ်သုံး ပစ္စည်းအချို့သိမ်းဆည်ရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအခြေအနေအရ တိုက်ပွဲဖြစ်ပွားရာနေရာအတိအကျကို ကိုစောဒိုရှင်းက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ယင်းစစ်ကြောင်းကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၄ ၊ နဂါးနီတပ်ရင်း (P-29903) ၊ အမှတ် ၃၅၀၂ တပ်ရင်းနှင့် KNLA တပ်ရင်း ၈ တို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုဝင်များ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
