ရန်ကုန်မြို့လမ်းများပေါ် သွားလာနေထိုင်နေစဉ် ဖမ်းဆီးခံရသူ တစ်လအတွင်း ၅၀ကျော် ရှိကြောင်း သိရသည်။
အောက်တိုဘာလအတွင်း ရန်ကုန်တွင် စစ်ကော်မရှင်၏ မတရားဖမ်းဆီးခြင်းခံရသူ ၉၄ဦးရှိပြီး ယင်း အနက် လမ်းမပေါ် သွားလာနေစဉ်နှင့် လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၅၄ဦးရှိကြောင်း သိရသည် ဟု Rangoon Scout Network-RSN က နိုဝင်ဘာ၅ရက်ညက သတင်းထုတ်ပြန်ထားသည်။
“လမ်းတွေမှာ အဖမ်းခံရသူတွေကို ဘာ့ကြောင့်ဖမ်းသလဲဆိုတာ အချက်အလက်ခိုင်ခိုင်မာမာ ထုတ်မ ပြနိုင်ပေမဲ့ ကျိန်းသေပေါက်ပြောနိုင်တာက စစ်မှုထမ်းအတွက် ရောင်းစားဖို့ ဖမ်းတာချည်းပဲ”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPAသို့ပြောသည်။
တစ်လတာ ဖမ်းဆီးခံရသူ ၉၄ ဦးအနက် ၁၃ ဦးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပြီး ၂၃ ဦးကို စစ်မှုထမ်း သင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကာ ကျန် ၅၈ ဦး၏ ဖမ်းဆီးခံရ ပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးကြောင်း RSN က ဆိုသည်။
ယင်း ၉၄ဦးထဲတွင် သတင်းအတိအကျဖြင့် ရှာဖွေ စောင့်ဆိုင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၁၈ ဦး၊ ရှောင် တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၅ ဦး၊အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ခေါ်ယူခံရသူ ၆ ဦး၊ မူးယစ်ဆေးကျွေးပြီး ဖမ်းဆီးခံရသူ တစ် ဦး နှင့် ဖမ်းဆီးခံရသည့်ပုံစံ မသိရသူ ၁၀ ဦးလည်း ရှိကြောင်း RSN ကဆိုသည်။
အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ခေါ်သွားခြင်းနှင့် ပတ်သက်ပြီး RSN တာဝန်ရှိသူက“၅ ယောက်က လှိုင်သာယာ၊ မြစိမ်းရောင်အတွင်းဘက်ကပါ။ ကွန်တိန်နာပျက်လို့ ရွှေ့ပြောင်းရမယ်၊ပိုက်ဆံ ၅ သောင်းပေးမယ်ဆိုပြီး လာခေါ်ပြီး ပျောက်သွားတာပါတဲ့ဗျ။နောက်တစ်ယောက်က စမ်းချောင်း၊ သံတံတားရပ်ကွက်က ဆိုင်ကားနင်းသူပါ။ ပစ္စည်းရွှေ့ဖို့ဆိုပြီး လာခေါ်သွားပြီး ပျောက်သွား တာပါတဲ့ဗျ။ သက်ဆိုင်ရာ မြို့နယ် Scout Channel တွေကနေ သိထားရတာပါဗျ”ဟု ဆိုသည်။
အောက်တိုဘာလအတွင်း တရားမဝင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသူ ၉ဦးရှိပြီး ယင်း အနက်၅ဦးမှာ ရုပ်ရှင်အနုပညာရှင်များဖြစ်သည်။
