မြို့သာရဲစခန်းမှ အရက်ဝယ်ထွက်လာသည့် စစ်အုပ်စုဝင်များ ပစ်ခတ်ခံရပြီး ၂ဦးသေဆုံးဟုဆို

ဓာတ်ပုံ - Special Task Force Ngazun
ပုံစာ - Special Task Force Ngazun အဖွဲ့မှရဲဘော်များ (ပုံဟောင်း)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ အရက်ဝယ်ထွက်လာသည့် စစ်အုပ်စုဝင်များ ပစ်ခတ်ခံရပြီး ၂ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ ၄ရက်၊ နံနက် ၁၁နာရီ ၂၄မိနစ်ခန့်တွင် မြို့သာရဲစခန်းမှ မြို့သာဈေးမြောက်ဘက်လမ်း အတိုင်း အရက်ဝယ်ထွက်လာသည့် စစ်အုပ်စုဝင် ၃ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Special Task Force Ngazun အဖွဲ့က သတင်းထုတ်ပြန်သည်။

” မြို့သာရဲစခန်းထွက်လာတာဗျ။ အရပ်ဝတ်နဲ့လာတာဗျ။ ရဲစခန်းနဲ့ မီတာ ၂၀၀လောက်မှာ စျေးဘက်မှာတော့ သူတို့ကင်းပုန်းတွေရှိတယ်။ အဲ့ကြားထဲကနေတိုက်ခိုက်တာဗျ။ သူတို့နဲ့ မီတာ ၂၀အကွာမှာတီးလိုက်တာဗျ” ဟု Special Task Force အဖွဲ့တာဝန်ခံက MPA သို့ပြောသာ်။

ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

” လက်နက်ကတော့မရဘူးဗျ။ တစ်ယောက်လွတ်သွားလို့။ ၃ယောက်လာ၊ ၂ယောက်အဲ့နားတင်ကျသွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းသို့တိုက်ခိုက်ပြီးနောက် မြို့သာဈေးပတ်လည်တွင် ကင်းပုန်းဝပ်နေသည့် စစ်အုပ်စုများက ပြန်လည်ပစ်ခတ်ခြင်း၊ မြို့သာရဲစခန်းအတွင်းမှ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲခြင်းတို့ ပြုလုပ်ခဲ့သော်လည်း PDF ရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

စစ်အုပ်စုဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။