၂၀၂၅ခုနှစ် ၁၀လတာအတွင်း အလင်းဝင်နှင့် ဖမ်းဆီးမိသော စစ်သုံ့ပန်း စုစုပေါင်း ၂၂၀၀ကျော်ရှိ ကြောင်း ပြည်သူ့ပန်းတိုင်က ယနေ့(နိုဝင်ဘာ၆ရက်) သတင်းထုတ်ပြန်သည်။
၂၀၂၅ခုနှစ်၊ဇန်နဝါရီမှ အောက်တိုဘာအထိ အလင်းဝင်နှင့် စစ်သုံ့ပန်း ၂၂၄၆ဦးရှိပြီး အောက်တိုဘာ တစ်လတည်း၌ ၁၂၅ဦးရှိကြောင်း သိရသည်။
“စကမ(စစ်ကော်မရှင်)တွေရဲ့ ရွေးစရာမရှိတဲ့ အကောက်ကြံပွဲကြီး(ရွေးကောက်ပွဲ)က အောက်ခြေ နင်းပြားတွေရဲ့ဘဝကို ဘာမှ ပြောင်းလဲမပေးနိုင်တာ ကတုတ်ကျင်းထဲ အိပ်မက်ဆိုးမက်နေရတဲ့ ကျန်ရဲဘော်တွေ သိသင့်ကြပါပြီ”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။
အောက်တိုဘာနောက်ဆုံးပတ်တွင် အလင်းဝင် ၅ဦးနှင့်စစ်သုံ့ပန်း၁၀ဦး စုစုပေါင်း ၁၅ဦးရှိပြီး အလင်းဝင် ၅ဦးအနက် ၄ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်သည်။
“ပစ(စစ်မှုထမ်းတပ်သား)တွေ အလင်းဝင်တာ သန္ဓေစစ်သားတွေထက် များတာမှန်ပေမဲ့ အခုဆို ရင် စစ်မှုထမ်းတပ်သား တစ်သိန်းဝန်းကျင်လောက် ရှိနေပေမဲ့ အလင်းဝင်လာနိုင်တဲ့သူ တော်တော်နည်း နေတုန်းပဲ”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
အလင်းဝင်လာသူများမှာ ၂၀၂၅ဇန်နဝါရီတွင် ၈၈ဦး၊ဖေဖေါ်ဝါရီတွင် ၈၀၊ မတ်တွင် ၆၂ဦး၊ ဧပြီတွင် ၆၅ဦး၊ မေတွင် ၆၆ဦး ၊ ဇွန်တွင် ၁၀၀၊ ဇူလိုင်တွင် ၁၀၉ဦး၊ဩဂုတ်တွင် ၁၇၄ဦး၊စက်တင်ဘာတွင် ၆၉ဦးနှင့်အောက်တိုဘာတွင်၄၅ဦးရှိခဲ့ပြီး အလင်းဝင်စစ်သားများထဲ၌ စစ်မှုထမ်းတပ် သား သုံးပုံနှစ်ပုံကျော် ပါဝင်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
အောက်ခြေ စစ်သည်များ၏ အနာဂတ်သည် တိုက်ပွဲများနှင့်အတူ မှုန်ဝါးပျောက်ကွယ်နေဆဲမို့ အလင်းဝင်၊ လက်နက်ချခြင်းကသာ ကိုယ့်ငြိမ်းချမ်းရေး ကိုယ်ရှာယူနိုင်ကြမည့် တခုတည်းသောလမ်း ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ဆိုသည်။
စာတည်း-ML
