မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၌ မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းအပါအဝင် လက်နက်အကြွင်းအကျန်များကို စစ်ကော်မရှင်က ရှင်းလင်းမှုမပြုလုပ်ပေးဘဲ ဒေသခံများကို ရွာပြန်နေထိုင်ခိုင်းနေကြောင်း စုံစမ်း သိရှိရသည်။
ချောင်းနှစ်ခွကျေးရွာကို ထိန်းချုပ်ထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယင်းအနီးတဝိုက်ရှိ တော်လှန်ရေး အင်အားစု စိုးမိုးနယ်မြေများကို ထပ်မံထိန်းချုပ်နိုင်ပြီးနောက် ဒုတိယအကြိမ်မြောက် ဒေသခံများ နေရပ်ပြန်လာ ကြရန် အတင်းအကျပ် ဖိအားပေးပြောဆိုလာခြင်း ဖြစ်သည်။
သို့သော် နေရပ်ပြန်ရောက်လာသည့် ရွာခံအချို့ပြောဆိုချက်အရ ရွာအတွင်းရှိ လမ်းများနှင့် နေအိမ်ခြံဝင်းများတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးအကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများ တွေ့နေရကြောင်း ပြောသည်။
“အခြေအနေပြန်ကြည့်တာပေါ့၊ အိမ်တောင် မရောက်သေးဘူး။ လမ်းဘေးနားမှာ ပေါက်ကွဲတတ်သည် မထိရ၊ မကိုင်ရဆိုင်းဘုတ်လိုဟာမျိုးတွေ တွေ့ရတယ်။ ပြီးတော့ အိမ်ခြံထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ ရှိနေတာ၊ အများကြီးဘဲလေ၊ သူတို့(စစ်တပ်)က အတင်းပြန်ခိုင်းနေတာ၊ ပြန်ဖို့ အဆင်မပြေသေးဘူး၊ အန္တရာယ် ရှိနေသေးတယ်” ဟု ချောင်းနှစ်ခွရွာခံအမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ကျေးရွာနှင့် နေအိမ်အတွင်းရှိနေသည့် လက်နက်အကြွင်းအကျန်များကို စစ်အုပ်စုက အပေါ်ယံမျှ ရှင်းလင်းပေးနေပြီး အချို့နေရာများတွင် ယခင်အတိုင်း ထားထားကြောင်း ၎င်းက ဆက်ပြောသည်။
အိမ်ခြေတစ်ထောင်ခန့်ရှိပြီး လူဦးရေ ငါးထောင်ကျော်ရှိသည့် ချောင်းနှစ်ခွကျေးရွာသည် မွန်ကျေးရွာတစ်ခုဖြစ်ပြီး မုဒုံ-ဘုရားသုံးဆူမြို့သို့ သွားသည့် လမ်းမဘေးအနီးတွင် တည်ရှိသည်။
ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းနှင့် အတ္ထံရံတံတားလုံခြုံရေးဂိတ်ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း လအနည်းငယ်အကြာ၌ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် ယင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ရွာခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
“မနှစ်တုန်းကတော့ တစ်ခါတော့ ဝန်ကြီးချုပ်လား စစ်တပ်ကလားမသိဘူး တခါလာပြောဖူးတယ်။ ရွာပြန်လို့ ရပြီးဆိုတာလေ၊ အဲဒီတုန်းကတော့ တိုက်ပွဲက မဖြစ်တော့ဘူးဆိုပေမယ့် လုံခြုံမှု မရှိသေးဘူး။ အဲဒီတုန်းကတော့ ပြန်သွားတာ ရှိတယ်။ပစ္စည်းပြန်ယူပြီး ပြန်ထွက်လာကြတာပဲ၊ မနေရဲဘူးလေ” ဟု နောက်ထပ် ချောင်းနှစ်ခွ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ ချောင်းနှစ်ခွကျေးရွာအဝင်နှင့် အတ္ထံရံမြစ်ကူးတံတားအဝတို့တွင် စစ်အုပ်စုသည် အင်အားအများအပြားဖြင့် ဂိတ်ချထားပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် နေရပ်ပြန်လာသည့်သူများကို ဒေသခံများ ဟုတ်၊ မဟုတ် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ကျေးရွာထဲကို ဝင်ခွင့်ပြုကြောင်း ၎င်းက ဆက်ပြောသည်။
“ရွာပြန်ရောက်တာ စွန့်ပစ်ခံထားရတဲ့ ရွာကြီးလိုပါပဲ၊ မြက်ပင်ပေါင်းပင်တွေက ပြည့်နေတာပဲ၊ ခြောက်ခြားစရာလို အိမ်တွေလည်း လက်နက်ကြီးထိထားတာ ရစရာကို မရှိဘူး။ အိမ်ထဲပစ္စည်းတွေလည်း မွှေနှောက်ထားတာ ဘာမှ မရှိတော့ဘူး၊ ဒီဘက်က မအေးချမ်းသေးဘူးလေ၊ ဘယ်လို နေလို့ အဆင်ပြေမလဲ၊ သူတို့(စစ်တပ်)ကို လာမတိုက်အောင် ရွာသားတွေကို ခေါ်တာပဲ ထင်တယ်” ဟု အထက်ပါဒေသခံ အမျိုးသားက ပြောသည်။
လက်ရှိ ချောင်းနှစ်ခွကျေးရွာကို ပြန်လာကြသူများသည် ရာချီရှိနိုင်ပြီး အချို့မှာ အခြေအနေ စောင့်ကြည့်နေဆဲ ဖြစ်သလို အချို့မှာ အပြီးတိုင်ရွေ့ပြောင်းသွားသူများလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ချောင်းနှစ်ခွကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွက် အကူအညီများစွာလိုအပ်နေသော်လည်း စစ်အုပ်စုအပါအဝင် လူသားချင်းစာနာထောက်ထားရေးအဖွဲ့များက ထိရောက်သည့် ကူညီထောက်ပံ့မှုများမရှိကြောင်း ဒေသခံအချို့က ပြောသည်။
စာတည်း-ကိုဆန်း
