မြန်မာ့အရေး UKအစိုးရ ပြတ်သားစွာ ကိုင်တွယ်ပေးရန် နိုဝင်ဘာတစ်လလုံး အပတ်စဉ် ဆန္ဒပြ ဖိအားပေးမည်

ဓာတ်ပုံ-MUM
ပုံစာ- နိုဝင်ဘာ၄ရက်၊ FCDOရုံးရှေ့ ဆန္ဒပြပွဲ

မြန်မာ့အရေးကို UKအစိုးရအနေနှင့် ပြတ်သားစွာ ကိုင်တွယ်ပေးရန် နိုဝင်ဘာတစ်လလုံး အပတ်စဉ် ဆန္ဒပြဖိအားပေးသွားမည်ဖြစ်ကြောင်း Myanmar Unity Movement (MUM)က သတင်းထုတ်ပြန်သည်။

UK အစိုးရ၏ နိုင်ငံခြားရေး မူဝါဒများကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းရာ လန်ဒန်မြို့ရှိ UK နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်မှုရုံး ( FCDO )ရှေ့တွင် လာမည့်နိုဝင်ဘာ၁၁ရက်၌ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း MUM က ထုတ်ပြန်ထားသည်။

“စစ်အာဏာရှင်နဲ့ သူတို့ရဲ့ လက်ပါးစေတွေ ပျော်ရွှင်စွာ အနားယူခွင့် ရမယ်လို့ မထင်လိုက်ပါနဲ့”ဟု MOM က ထုတ်ပြန် သတိပေးထားသည်။

UK အစိုးရအနေဖြင့် NUG အစိုးရကို အသိအမှတ်ပြုရေးနှင့် စစ်ကော်မရှင်ကို ထိရောက်စွာ ဒဏ်ခတ် အရေးယူရေးတို့အတွက် တောင်းဆိုသွားမည်ဟုလည်း ဆိုသည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက “နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာရောက် မြန်မာတွေရဲ့ လှူဒါန်းမှုတွေ၊အဆက်မပြတ် တက်ကြွလှုပ်ရှားနေတာတွေက အရေးပါလှပါတယ်။ မြန်မာ့အရေးကို နိုင်ငံတကာရောက်မြန်မာတွေရဲ့ မမေ့လျော့မှုဟာ ပြည်တွင်းက ဒဏ်သင့်မြန်မာ ပြည်သူတွေ ကြံ့ကြံ့ခံနိုင်စွမ်းဖို့ အရေးကြီးတဲ့ အထောက်အပံ့ကောင်းတွေပါပဲ”ဟု MPAသို့ ပြောသည်။

နိုဝင်ဘာ၄ရက်ကလည်း FCDO ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး UK အစိုးရအနေနှင့် အာဆီယံ၏ ကျရှုံးနေသည့် မြန်မာ့အရေးဘုံသဘောတူညီချက် ၅ရပ်ကို ကျော်လွန်ပြီး၊ မြန်မာစစ်အာဏာရှင်အား ပိုမို ပြင်းထန်ထိရောက်သည့် အရေးယူမှုပြုလုပ်ရန်၊ NUG အစိုးရကို ချက်ချင်းအသိအမှတ်ပြုရန်၊
အတုအယောင်ရွေးကောက်ပွဲကိုအသိအမှတ်မပြုရန်နှင့် မြန်မာ့ ဒီမိုကရေစီရေး တိုက်ပွဲကို အားဖြည့်ကူညီရန် တောင်းဆိုခဲ့ကြကြောင်း MUM က ထုတ်ပြန်ထားသည်။