မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့ဒွန်း၊ ကော့ပနောကျေးရွာအဝင်လမ်းဆုံ DKBA ဂိတ်အနီးကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ခရီးသည် ၁ ဦးထက်မနည်းသေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရာမညမွန်တပ်တော် RMA နှင့် ဒေသခံများထံမှ သိရသည်။
ယမန်နေ့(စက်တင်ဘာလ ၂ ရက်)၊ ညနေ ၄ နာရီကျော်ခန့်က ကော့ဒွန်းကျေးရွာလမ်းဆုံတွင် ဒီမိုကရေတစ်ကရင် အကျိုးပြုတပ်မတော် DKBA ဂိတ်ချထားသည့် နေရာအနီးကို စစ်တပ်က ဒရုန်းဗုံးသီး ၆ လုံးကြဲချခဲ့ခြင်း ဖြစ်သည်။
ကြဲချလိုက်သည့် ဗုံးသီးများအနက် ၂ လုံးသည် ခရီးသည် ၁၃ ဦး တင်ဆောင်ထားသည့် အံစာတုန်းကားပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့သည်။
“သူကြဲချတဲ့အချိန်က ခရီးသည်တင်ကားတစ်စီးအပေါ်နားကို ကျတာ၊ အဲဒီအရှေ့ကားမှာ စီးလာတဲ့ ခရီးသည်တွေ များတယ်။ ထိတာ၊ သူ့နောက်က ဒုတိယကားကတော့ လူမထိဘူး၊ ကားတော့ ပျက်စီးသွားတယ်” ဟု ကော့ဒွန်းကျေးရွာနေ အမျိုးသမီးတစ်ဦးက MPA ကို ပြောသည်။
ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ ဦးထက်မနည်းသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး ယင်းထဲမှ ၃ ဦးသည် ဒဏ်ရာ ပြင်းထန်နေကာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။
ယခု ဗုံးကြဲတိုက်ခိုက်ခံရသည့်လမ်းဆုံနေရာသည် ဘုရားသုံးဆူမြို့ကို သွားရောက်သည့် တောလမ်း(ရွာလမ်း) တစ်ခု ဖြစ်ပြီး အဆိုပါ လမ်းပိုင်းတစ်လျှောက် တော်လှန်ရေးအင်အားစုများ၊ စစ်အုပ်စုနှင့် ၎င်းတို့၏လက်ဝေခံ လက်နက်ကိုင် အဖွဲ့များ ဂိတ်ချလှုပ်ရှားမှုရှိနေသည်။
ထို့အပြင် ဗုံးကြဲခံရသည့်၎င်းနေရာနှင့် သုံးမိုင်ဝန်းကျင်အကွာ စံပယ်ဂူတံတားတွင် စစ်အုပ်စုက အင်အား ရာချီဖြင့် တပ်စွဲထားသည်။
“စံပယ်ဂူတံတားမှာ စစ်သားတွေ ရှိနေတယ်။ သူတို့ကပဲ ဒီရက်ပိုင်းပဲ နေ့တိုင်း လေယာဉ်ပျံသေးသေးလေး(ဒရုန်း) လာတယ်၊ ရွာထဲကိုလေ၊ အရင်ရက်ကလည်း အဲဒီလိုပဲ ချသေးတယ်၊ ဘယ်သူမှတော့ မထိဘူး” ဟု နောက်ထပ် ကော့ဒွန်းရွာခံအမျိုးသား တစ်ဦးက ပြောသည်။
ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ကိုင်ဆောင်ထားသည့်လူတချို့ရောက်ရှိလာသည့်အတွက် ဒေသခံ များသည် ယင်းနေရာသွားကြည့်ရန် ကြောက်ရွံ့ခဲ့သည့်အတွက် အသေးစိတ်ကို မသိရခြင်း ဖြစ်ကြောင်း အထက်ပါဒေသခံများက ပြောသည်။
မွန်ကျေးရွာများဖြစ်ကြသည့် ကော့ပနော၊ ကော့ဒွန်း၊ ဝဲငဲ့ အစရှိကျေးရွာများမှ ဒေသခံပြည်သူ ထက်ဝက်နီးပါး သည် ၂၀၂၄ ခုနှစ် နှစ်လပိုင်းကတည်းက မော်လမြိုင်အပါအဝင် အခြားဒေသများကို တိမ်းရှောင်နေကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် စံပယ်ဂူတံတား၌ တပ်စွဲထားသည့် စစ်အုပ်စုများကို တော်လှန်ရေး အင်အားစုဘက်က ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ယခုလို တန်ပြန်ဒရုန်းချခြင်းဖြစ်နိုင်ကြောင်း ယင်းနယ်မြေတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
“ပြီးခဲ့တဲရက်ကတော့ အဖွဲ့တစ်ခုက ဒရုန်းချလို့ ပြန်ချတာပဲ ထင်ပါတယ်၊ ဒီကောင်တွေက အခုတလော ဒီဘက်ကို တိုးတိုးလာနေတယ်၊ တိုးဖို့လည်း အင်အားပြင်ထားတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်ကမ်းနားတစ်လျှောက်ကျေးရွာအများစုကို စစ်အုပ်စုက ထိန်းချုပ်ထားပြီး နေရာအနှံ့၌ ကင်းပုန်းချထားပြီး တော်လှန်ရေးအင်အားစုများ ရှိနိုင်သည့်နေရာများကို ဒရုန်းဗုံးချခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် မကြာခဏ အရပ်သားထိခိုက်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ယင်းလမ်းပိုင်း အသုံးပြုပြီး ဘုရားသုံးဆူမြို့နှင့် မော်လမြိုင်မြို့သွားလာကြမည့် ခရီးသည်များအနေဖြင့် လည်း အခြေအနေအချိန်အခါကြည့်ပြီး သတိထားသွားလာကြရန် လိုအပ်ကြောင်း ၎င်းတို့က တိုက်တွန်းသည်။
