ပုလဲနယ်စစ်ရှောင်များ စီးပွားရေးလုပ်ကိုင်မရ၍ ငွေကြေးခက်ခဲနေ

ဓာတ်ပုံ - ပေးပို့
ပုံစာ - ပုလဲမြို့နယ်တစ်နေရာရှိ စစ်ရှောင်ပြည်သူအချို့ကို တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှ စစ်ရှောင်များ စီးပွားရေးလုပ်ကိုင်မရ၍ ငွေကြေးခက်ခဲနေကြကြောင်း စစ်ရှောင်မိသားစုများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ ဇွန်လဆန်းမှ စတင်ကာ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ပြီးနောက် ပုလဲမြို့နယ်မှ ကျေးရွာ ၂၀ခန့်သည် လက်ရှိအချိန်ထိ စစ်ဘေးရှောင်နေရပြီး ဝမ်းရေးဖြေရှင်းရန် စီးပွားရေးလုပ်ကိုင်မရခြင်းကြောင့် ဆေးဝါးနှင့် စားနပ်ရိက္ခာလိုအပ်ချက်များ မြင့်တက်နေရကြောင်း သိရသည်။

ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ခန့်မှာ ကန့်ဒေါင့်စခန်းတိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လဆန်းမှစ၍ လက်ရှိ နိုဝင်ဘာလအထိ စစ်ရှောင်နေရသည်မှာ ငါးလဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်၍ ဆေးဝါးနှင့် စားနပ်ရိက္ခာအခက်အခဲများ တွေ့ကြုံနေရခြင်းဖြစ်သည်။

“ကန့်ဒေါင့်စခန်းအနီးဝန်းကျင်ကရွာတွေ အားလုံးလိုလို စစ်ရှောင်နေကြရတာ ငါးလဝန်းကျင်ထိရောက်လာပြီ၊ စစ်ကြောင်းကလည်း ဝင်လိုက် ထွက်လိုက်နဲ့ဆိုတော့ ရွာထဲကိုက ပြန်ဝင်လို့ မရသေးဘူး။ ရှောင်ရတဲ့ လတွေကြာလာလေ၊ ပြည်သူတွေက ပိုခက်ခဲလာလေပဲ” ဟု မင်းတိုင်ပင်ကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

စစ်ရှောင်များအနေဖြင့် ဘေးပတ်ဝန်းကျင် ကျေးရွာများ၌ လယ်သူရင်းငှားလုပ်ခြင်း၊ စျေးရောင်းချခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နေကြသော်လည်း အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှုများကြောင့် ယခင်ကကဲ့သို့ စားဝတ်နေရေး ပြေလည်မှုမရှိကြောင်း ဆိုသည်။

“ကျမတို့က ဘုန်းကြီးကျောင်းမှာ နေနေတာ။ အလှူရှင်တွေကတော့ လာပါတယ်၊ ဆန်တွေလည်းရကြတယ်။ ဒါပေမဲ့ ကိုယ့်လက်ထဲ လက်ဆုပ်လက်ကိုင်ထားရမယ့် ငွေကြေးကျတော့ ခက်ခဲတာပေါ့။ ပဲနှုတ်၊ ရေသွင်း လိုက်နေရတယ်”ဟု လက်ပုကန်ကျေးရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ ပုလဲနယ်အတွင်းမှ စစ်ရှောင်များအနေဖြင့် စစ်ရှောင်စခန်းဟူ၍ သီးသန့်ရှိမနေဘဲ မိမိတို့နှင့် ဆွေမျိုးနီးစပ်များ နေထိုင်ရာ ကျေးရွာများ၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများနှင့် တောတိုက်(လယ်စောင့်တဲ) များတွင် နေထိုင်နေကြရသည်။

“အခုနေနေတာက ကျမတို့မိတ်ဆွေရဲ့ အိမ်မှာ မိသားစုလိုက် စစ်ရှောင်လာကြတာ။ ကျမအမျိုးသား ကုန်ရောင်းဝယ်လိုက်လုပ်၊ သုံးဘီးလိုက်တဲ့ ဝင်ငွေလေးနဲ့ပဲ ကလေးသုံးယောက်ကျောင်းစရိတ်၊ စားဝတ်နေရေးဖြေရှင်းရတယ်။ ပိုက်ဆံမဝင်တဲ့ရက်ဆို ရွာထဲ အသီးအရွက်လိုက်ခူးပြီး စားရတယ်။ ကိုယ့်ရွာမဟုတ်တော့ အလုပ်ကလည်း မရဘူး” ဟု တောင်ရွာသစ်ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကော်မရှင်တပ်က အင်မထီးနှင့် ဇီးဖြူကုန်းပျူစောထီးကျေးရွာများအပါအဝင် လက်ပုကန်၊ မင်းတိုင်ပင်၊ ကျောက်ဖျာကန်၊ ဦးနှောက်နှင့် တလိုင်းကန်ကျေးရွာတို့တွင်လည်း ဘန်ကာများတည်ဆောက်ကာ တပ်စွဲနေထိုင်လျက်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်က ၄င်းတို့ လက်လွှတ်ခဲ့ရသည့် ကန့်ဒေါင့်စခန်းကို ပြန်လည်ရရှိရန် အင်မထီးနှင့် ဇီးဖြူကုန်းပျူစောထီးကျေးရွာတို့တွင် စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်ရန် ကြိုးပမ်းလျက်ရှိနေသည်။