ပဲခူးတိုင်း ၊ ပြည်ထောင်ရှိ အကျဉ်းသားများသည် အပုပ်နံ့ထွက်နေသည့် ရေကိုသာ သောက်နေရကြောင်း သိရသည်။
ပြည်ထောင်တွင်သောက်သုံးရေအဖြစ် အသုံးပြုရန် ရေသန့်စက်ကို ၂၀၁၄ ခုနှစ်ကတည်းက ဆောက်လုပ်ထားခြင်းဖြစ်ပြီး ရေများသိုလှောင်ထားသည့် နေရာနှင့် စက်ပစ္စည်းများကို သန့်ရှင်းခြင်း၊ ရေလဲလှယ်ခြင်းများ မပြုလုပ်သည်မှာ ကြာမြင့်ပြီဖြစ်၍ အဆိုပါရေသန့်စက်မှ သောက်သုံးရေများကို အကျဉ်းသားတို့ သောက်သုံးရန် ရေဘူးထဲ သိုလှောင်ထားသည့်အခါ ၂ ရက်ကြာလျှင် ရေများ အပုပ်နံ့ ထွက်လာကြောင်း ယင်းရေများကိုသာ အကျဉ်းသူ၊ အကျဉ်းသားများအားလုံး သောက်သုံးကြရကြောင်း Women’s Organization Of Political Prisoner အဖွဲ့က ယနေ့ (စက်တင်ဘာ ၃ ရက်)သတင်း ထုတ်ပြန်သည်။
“နေဝင်းနဲ့ သန်းရွှေလက်ထက်တုန်းကလည်း ထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိ ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ကို နှုတ်ယူပစ်တဲ့အခြေအနေမျိုး တော်တော်ရှားခဲ့တယ်။ အခုအာဏာရှင်ဖြစ်ဖို့ ရုန်းကန်နေရတဲ့ မင်းအောင်လှိုင်လက်ထက်မှာတော့ ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အရင်က မကြားခဲ့ဖူးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံနဲ့ ရင်ဆိုင် နေကြရသလို အသက်အန္တရာယ်လည်း ခြိမ်းခြောက်ခံနေရတယ်”ဟု ရန်ကုန်မြို့နေ နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦးက MPAသို့ပြောသည်။
ယင်းသို့သောအခြေအနေကြောင့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ ကျောက်ကပ်နှင့် ပတ်သက်သည့်ရောဂါများ၊ ဝမ်းဗိုက်ပြဿနာများ၊ ဝမ်းပျက်ခြင်းများ ယနေ့အချိန်အထိ ဖြစ်ပွားနေသဖြင့် ရေသန့်စက်ကို ပြန်လည်ပြုပြင်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ထောင်အာဏာပိုင်တို့က ဆောင်ရွက်ပေးခဲ့ခြင်း မရှိကြောင်း ပြည်ထောင်တွင် သောက်နေရသည့်ရေ ဆိုးရွားနေသည့်အပြင် သုံးရေလည်း မသန့်ရှင်းသဖြင့် ခေါင်းလျှော်သည့်အခါ ဆံပင်အထွေးလိုက်ကျွတ်ခြင်းနှင့် ယားနာ၊ ပွေး၊ ဝဲစသည့် အရေပြားရောဂါများ ဖြစ်ပွားနေကြောင်း လည်း ထုတ်ပြန်ထားသည်။
အကျဉ်းသား/သူ တစ်ဦးလျှင် အဝတ် ၃ စုံသာ ယူဆောင်ခွင့်ရှိပြီး မိုးတွင်းကာလ အဝတ်မလုံလောက် မှု များ ကြောင့် အဝတ်စိုများသာ ဝတ်ဆင်ရာမှ အရေပြားရောဂါ ဖြစ်ပွားကြောင်း သိရသည်။
လူတစ်ယောက် အသက်ရှင်ရန်အဓိက အရေးကြီးသည့် သန့်ရှင်းသော သောက်သုံးရေကိုပင်မရရှိသည့် ပြည်အကျဉ်းထောင်တွင်း ထောင်အာဏာပိုင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
