စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယနေ့စက်တင်ဘာ(၃)ရက်၊ နံနက်(၇)နာရီအချိန်ခန့်တွင် အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ယင်းမာပင်မြို့တောင်ဘက် နှစ်မိုင်ခန့်အကွာ ငါးမောင်းတံတားအနီး ရေစပ်တွင် အဆိုပါရုပ်အလောင်းအား ရိုက်နှက်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
” ဖြစ်ခဲ့တာက သုံးလေးရက်ရှိပြီထင်ပါတယ်။ အလောင်းကပုပ်ပွနေပြီ ကောက်လို့တောင်မရတော့ဘူး။ အဲ့ဒီနားမှာပဲ ဆွဲပြီးသင်္ဂြိုဟ်လိုက်ရတယ် “ဟု ဒေသခံသတင်းရင်းမြစ်က MPAကိုပြောသည်။
သေဆုံးသူမှာ ယင်းမာပင်မြို့နယ်၊ သက္ကပြုရွာမှ အဖဦးအောင်ထွန်း၏သား အသက်၃၂နှစ်အရွယ်ခန့် ဇော်ဖြိုးအောင်(ခ)ကိုဖြိုး ဆိုသူဖြစ်ကြောင်း ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် အတည်ပြုခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး မြို့နယ်ပလဖအနေဖြင့် ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
” ငါးမောင်းရွာဒေသခံတွေသတင်းပေးလို့ တိုက်နယ်ပကဖ၊ ပလဖရဲဘော်တွေနဲ့ သွားရောက်စစ်ဆေးခဲ့တယ်။ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေတော့မတွေ့ရဘူး။ ရိုက်နှက်ဒဏ်ရာတွေ့တယ်။ အလောင်းဘေးမှာလည်း တုတ်တွေ့တယ် ” ဟု ယင်းမာပင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တစ်ဦးက MPAကိုပြောသည်။
သေဆုံးသူမှာ AKပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီး တော်လှန်းရေးအဖွဲ့အစည်းများနှင့် ဆက်စပ်ပါတ်သက်နေသူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
