စစ်ကော်မရှင်ရွေးကောက်ပွဲ လွတ်လပ် မျှတမည်ဟု မယုံကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးဆို

ဓာတ်ပုံ - Rob Kim/Getty Images

ဗုံးကြဲတိုက်ခိုက်မှုများနှင့် ဖရိုဖရဲအခြေအနေအောက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို လွတ်လပ်၊မျှတမည်ဟု ယုံနိုင်စရာမရှိကြောင်း ကုလလူ့အခွင့်အရေး မဟာမင်းကြီး က ပြော ကြား လိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က နိုဝင်ဘာ၁၀ရက်တွင် အထက် ပါအတိုင်းပြောကြားခဲ့သည်ဟု ‌AFP သတင်း၌ ဖော်ပြခဲ့ပြီး ယင်းနေ့ညမှာပင် စစ်ကော်မရှင်ပြောခွင့် ရ ဇော်မင်းထွန်းကလည်း ရွေးကောက်ပွဲ ပျက်ပြား၊ပြောင်းလဲအောင် တိုင်းတစ်ပါးနိုင်ငံများက ဝင်ရောက်စွက်ဖက် လုပ်ဆောင်၍မရကြောင်း ဆိုသည်။

“ဒီတရားမဝင် ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုဘူးလို့ သဘောထား ပေးလာတာ စိပ်လာတယ်။အဲဒါကြောင့် မင်းအောင်လှိုင်က ရှမ်းရမ်းရမ်းပြီး ဇော်မဲလုံးကို ကြောက် ကန်ကန်ခိုင်းတာ”ဟု မုံရွာအခြေစိုက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

တရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ကုလသမဂ္ဂ၊ဥရောပသမဂ္ဂ၊ပြင်သစ်၊နယူးဇီ လန်စသည့် နိုင်ငံနှင့်အဖွဲ့အစည်းများက သဘောထားပေးခဲ့ကြပြီး တရုတ်၊ရုရှားနှင့် ၎င်းတို့ဩဇာခံ နိုင်ငံအနည်းငယ်ကသာ ထောက်ခံထားသည်။

စစ်တပ်သည် အရပ်ဘက်အခွင့်အရေးကို လုံးဝပိတ်ပင်ထားပြီး အရပ်သားများအား ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်းလည်း လူ့အခွင့်အရေး မဟာမင်းကြီးက ဆိုသည်။

မြန်မာ့အရေးသည် ကံမကောင်းစွာဖြင့် မီဒီယာတို့၏ အာရုံစိုက်မှု လုံလောက်စွာ မရသေးဘဲ ပြည်သူများ ဒုက္ခရောက်နေရဆဲဖြစ်ပြီး ယခုလို အခြေအနေမျိုးအောက်တွင် ရွေးကောက်ပွဲ ပြုလုပ်ခြင်းမှာ မဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

လစဉ် ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုသည် တော်လှန်ရေးအင်အားစုများအား တိုက်ခိုက်ခြင်းထက် ၂ဆ ကျော်ရှိနေကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအစီရင်ခံစာများအရ သိရသည်။

နိုဝင်ဘာ၁၀ရက်ညတွင် စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်း၏ ရွေးကောက်ပွဲဆိုင်ရာအသိပေး ပြောကြားချက်ကို စစ်ကော်မရှင်ဝါဒဖြန့်မီဒီယာများ၌ ထုတ်လွှင့်ခဲ့သည်။