စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်တစ်သိန်းနီးပါး အကူအညီလိုအပ်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
စစ်ကော်မရှင်သည် ကလေးတောင်ပိုင်းသို့ အောက်တိုဘာ၂၇ရက်နေ့ကစတင်၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကလေး-ဂန့်ဂေါကားလမ်းဘေးကျေးရွာများမှ စစ်ဘေးရှောင်တစ်သိန်းနီးပါး ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရခြင်းဖြစ်ကြောင်း ကလေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
” လူဦးရေတစ်သိန်းနီးပါးရှိပါတယ်။ စခအထိုင်ချထားလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကလေးတောင်ပိုင်းမှာရှိတဲ့ အင်းကျွန်း ဟံသာဝတီ ကြံသာ ခုရွာတွေကပိုခက်ခဲပါတယ်။ တခြားရွာတွေလည်းခက်ခဲပေမယ့်ခုရွာတွေက ပိုခက်ပါတယ်။ နေထိုင်စားသောက်ဖို့ပါ အားလုံးခက်ခဲပါတယ် ” ဟု ၎င်းကဆိုသည်။
ကလေးမြို့နယ်တွင် အင်းကျွန်း၊ ဟံသာဝတီ၊ ကြံသာကျေးရွာများသည် စစ်ကောင်စီအထိုင်ချထားသည့် ပျူစောထီးကျေးရွာများဖြစ်ပြီး ၎င်းကျေးရွာများမှထွက်ပြေးလာသော စစ်ဘေးရှောင်များအနေဖြင့် တောတိုက်များအတွင်းတဲထိုးနေထိုင်နေကြရပြီး ထမင်းမငတ်ရေး တောအလုပ်များကိုရှာကြံလုပ်ကိုင်နေကြရကြောင်း ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်စစ်ကြောင်းသည် ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ သာယာကုန်း၊ ကြာအင်း၊ ထောက်ကြံ့ကျေးရွာတို့တွင် အထိုင်ချတပ်စွဲလျက်ရှိပြီး နတ်ချောင်း၊ နတ်မြောင်းကျေးရွာများဘက်တွင်လည်း စစ်ကြောင်းများဖြန့်ကြဲထားကြောင်း သိရသည်။
စစ်ရှောင်များအနေဖြင့် ကလေး-ဂန့်ဂေါလမ်းမကြီး၏ အရှေ့ပိုင်းနှင့်အနောက်ပိုင်းတောတိုက်များအတွင်း ရှောင်တိမ်းနေကြရပြီး အစားအသောက်နှင့်ဆေးဝါးအကူအညီများလိုအပ်လျက်ရှိကြောင်း ထိုမာရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
” ပေလမ်းအနောက်ဘက်ကစစ်ရှောင်တွေကလည်း သွားရေးလာရေး ဆန်ဆီဆားကအစ မလွယ်ဘူး။ ကျန်းမာရေးကိစ္စဆို ပိုမလွယ်ဘူး။ အလုပ်အကိုင် ဝင်ငွေမရှိတဲ့သူဆို ပိုဆိုးပေါ့ အဲ့ဘက်တွေ အထောက်အပံ့တွေက မရကြနဲ့ ” ဟု ၎င်းကဆိုသည်။
ကလေးမြို့နယ်တောင်ပိုင်းရှိ ကျန်းမာရေးအဖွဲ့များအနေဖြင့် စစ်ဘေးရှောင်များအား ကျန်းမာရေးစောင့်ရှောက်မှုများကို အဆက်မပြတ်ပေးနေပြီး ဆေးဝါးကူညီထောက်ပံ့မှုများလည်း လိုအပ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Medical Teamတာဝန်ခံက MPAကိုပြောသည်။
” စစ်ရှောင်ပြည်သူ ဦးရေကလည်းများတယ်။ ပြီးတော့ အခုထိတွေ့မှုတွေမှာလည်း ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေလည်းရှိတဲ့အတွက် ဆေးဝါးတွေကတော့ စားသုံးကုန်ပစ္စည်းတွေလိုပဲ ကုန်နေတယ်။ အဓိကပြဿနာကတော့ ဆေးဝါးပါပဲ” ဟု ၎င်းကဆိုသည်။
ကလေးတောင်ပိုင်းသို့ စစ်ကြောင်းထိုးလျက်ရှိသော စစ်ကော်မရှင်စစ်ကြောင်းသည် ကလေး-ဂန့်ဂေါလမ်းမတွင် တပ်ဖြန့်၍ လမ်းပိုင်းစိုးမိုးမှုကိုရယူထားပြီး နေအိမ်များမီးရှို့ဖျက်ဆီးကာ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူများလည်းရှိနေသည်။
ယင်းအပြင် အင်အားရာချီရှိသော စစ်ကြောင်းတစ်ကြောင်းသည် ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းရွာမှတဆင့် ချင်းပြည်နယ်၊ ဖလမ်းမြို့အထိ ဦးတည်စစ်ကြောင်းထိုးလျက်ရှိနေပြီး လက်ရှိတွင် ဝေဘူလမြို့အထက်ဘက်သို့ ရောက်ရှိနေကြောင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
