မြန်မာခရိုနီဘဏ် UAB နှင့် မိတ်ဖက်ပြုလုပ်နေသည့် ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB Co. Ltd ကို အရပ်ဘက်အဖွဲ့များက ပြစ်တင်ဝေဖန်လိုက်ကြောင်း သိရသည်။
မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများနှင့် ပတ်သက်ဆက်နွှယ်နေပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် မြန်မာခရိုနီဘဏ် UAB (United Amara Bank) နှင့် မိတ်ဖက်ပြုလုပ်နေမှုများအပေါ် စုံစမ်းမေးမြန်းထားသည့်ပေးစာကို တုံ့ပြန်ဖြေကြားခြင်းမရှိသည့် ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB Co. Ltd. အား Justice For Myanmar၊ Mekong Watch နှင့် ဂျပန်အဖွဲ့အစည်း ၅ ခုတို့က ပြစ်တင်ဝေဖန်ကြခြင်းဖြစ်ကြောင်း Justice For Myanmar ကထုတ်ပြန်သည်။
ယင်းပေးစာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် မြန်မာနှင့် ဂျပန်အဖွဲ့အစည်းများက ပူးတွဲပေးပို့ ခဲ့ခြင်းဖြစ်ပြီး ယင်းပေးစာ၌ မြန်မာနိုင်ငံအတွင်း JCB ဘဏ်ကဒ်များအတွက် ကိုယ်စားငွေကောက် ခံရှင်းလင်းသူအဖြစ် ဆောင်ရွက်သည့် UAB ဘဏ်နှင့် စီးပွားရေးဆက်နွှယ်မှုများ ဆက်လက်ရှိနေမှု အပေါ် လူ့အခွင့်အရေးဆိုင်ရာ အထူးစိုးရိမ်မှုများအဖြစ် ထောက်ပြခဲ့သော်လည်း ယနေ့အချိန်အထိ JCB က နှုတ်ဆိတ်နေဆဲ ဖြစ်ကြောင်းသိရသည်။
” မိမိတို့ရဲ့ စီးပွားမိတ်ဖက်တွေက မြန်မာနိုင်ငံတွင်း အကြီးအကျယ်ဒုက္ခဖြစ်နေစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးကူညီဖွယ်ရှိနေချိန်မျိုးမှာ ဂျပန်ကုမ္ပဏီတွေအနေနဲ့ မျက်ကွယ်ပြု မသိကျိုးကျွံ မပြုသင့်ပါဘူး။ UAB နဲ့ မိတ်ဖက်ဆောင်ရွက်မှုအပေါ် မေးခွန်းတွေကို လျစ်လျူရှုခဲ့တဲ့ JCB က သူတို့ရဲ့အကြွေးဝယ်ကတ်ဟာ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော နိုင်ငံတကာအသိအမှတ်ပြု အကြွေးဝယ်ကတ် အမျိုးအစားဖြစ်ကြောင်း အများပြည်သူထံ ဆိုထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့စီးပွားရေး လုပ်နည်းလုပ်ဟန်တွေကတော့ ကော်ပိုရိတ်ပွင့်လင်းမြင်သာမှုနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုတို့လို အခြေခံအကျဆုံး နိုင်ငံတကာစံနှုန်းတွေမှာတောင် လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေပါတယ်။ မိမိတို့အရပ်ဘက်အဖွဲ့တွေရဲ့ စုံစမ်းမေးမြန်းမှုအပေါ် အမြန်ဆုံး တုံ့ပြန်ဖြေကြားဖို့ JCB ကို တိုက်တွန်းပါတယ်” ဟု Mekong Watch ၏ အမှုဆောင်ဒါရိုက်တာ ယုကကီဂူချီက ပြောသည်။
ယင်းပေးစာတွင် အဓိကမေးမြန်းခဲ့သည့် မေးခွန်း ၃ခုမှာ JCB အနေဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာ နိုင်ငံအတွင်း ၄င်း၏စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာတင်ကြိုစိစစ်မှုများ လုပ်ဆောင်ထားခဲ့ခြင်းရှိမရှိနှင့် အကယ်၍ ရှိခဲ့ပါက တွေ့ရှိချက်များအား အများပြည်သူထံ ထုတ်ပြန်ရန်၊ UAB နှင့် မိတ်ဖက်ဆောင်ရွက်နေခြင်းဖြင့် နိုင်ငံတကာရာဇဝတ်မှုများတွင် ပါဝင်ကူညီရာရောက်မှု သို့မဟုတ် ကြံရာပါပတ်သက်မှု အန္တရာယ်များ ကို ဆန်းစစ်ရန်နှင့် လျှော့ချရန်အတွက် JCB အနေဖြင့် တိကျခိုင်မာသော လုပ်ဆောင်မှုများ မည်သို့လုပ်ဆောင်ခဲ့သလဲ ဆိုသည်နှင့်ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဘဏ္ဍာရေးအဖွဲ့အစည်းများအား လုပ်ဆောင်ရန် တောင်းဆို မှုများ ရှိနေသည့်အချိန်တွင် UAB နှင့် မိတ်ဖက်ဆောင်ရွက်နေမှုကို JCB အနေဖြင့် ရပ်တန့်ရန် ရည်ရွယ်မှုရှိ၊မရှိတို့ ပါဝင်ကြောင်းသိရသည်။
” JCB အနေနဲ့ စစ်အုပ်စုရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ဆက်နွှယ်ပါဝင်နေတဲ့ ဒဏ်ခတ် ပိတ်ဆို့ခံ ခရိုနီပိုင်ဘဏ်နဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေတာက လက်မခံနိုင်စရာကိစ္စ ဖြစ်ပါတယ်။ စစ်အုပ်စုက ၎င်းတို့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု တွေ အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာတောင် ဒီစီးပွားဆက်ဆံမှုတွေက ဆက်လက်ရှိနေတာဖြစ်ပါ တယ်။ JCB အနေနဲ့ ဆက်လက်ရေငုံနှုတ်ပိတ်နေဖို့ မဖြစ်နိုင်သလို၊ ပုံမှန်အတိုင်း စီးပွားရေးဆက် လက်လုပ်ဆောင်ဖို့ရာလည်း မဖြစ်နိုင်ပါဘူး။ ၎င်းတို့အနေနဲ့ မိမိတို့လိုက်နာရမယ့် နိုင်ငံတကာလူ့ အခွင့်အရေးတာဝန်တွေကို လိုက်နာရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေကို ကူညီအား ပေးနေတဲ့ ဘယ်စီးပွားရေးလုပ်ငန်းကိုမဆို ပံ့ပိုးကူညီတာမျိုးတွေ မလုပ်ဖို့ လိုအပ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောသည်။
UAB ဘဏ်ကို မြန်မာစစ်တပ်ထံ လေယာဉ်ဆီ ထောက်ပံ့ ရောင်းချနေသည့် ကုမ္ပဏီများအတွက် ငွေပေးချေမှု ဝန်ဆောင်ပေးသော ဘဏ္ဍာရေးအဖွဲ့ အစည်းတစ်ခုအဖြစ် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်က ဖော်ပြမှတ်တမ်းတင်ခဲ့သည်။
စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများဖြင့် အကြမ်း ဖက်ခြိမ်းခြောက်နိုင်စွမ်းသည် ၎င်းတို့၏ ဂျက်လေယာဉ်များနှင့် ရဟတ်ယာဥ်များ ပျံသန်းနိုင်ရန် အတွက် လိုအပ်သော လေယာဉ်ဆီ ဝယ်ယူရရှိနိုင်မှုအပေါ်တွင် တိုက်ရိုက်မှီခိုနေကြောင်း ဇွန်လတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်က ကမှတ်ချက်ပြုရေးသားခဲ့သည်။
UAB ဘဏ်သည် IGE ကုမ္ပဏီများအုပ်စုနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်နေသည့် ဘဏ်ဖြစ်ပြီး အရေးပါသည့် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်ကာ မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးကပ်သည့်ဆက်ဆံရေးရှိမှုများနှင့် ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ ၂၀၁၇ နယ်မြေရှင်းလင်းစစ်ဆင်ရေးများ တွင် ဘဏ္ဍာငွေပံ့ပိုးကူညီမှုများအတွက် အီးယူက ယင်းကုမ္ပဏီအား ၂၀၂၂ ခုနှစ်၌ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
