ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်ပွဲများသို့ ဒေသခံများ တက်ရောက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ဖိအားပေးနေကြောင်း သိရသည်။
အောက်တိုဘာ ၂၈ ရက်မှစတင်ကာ တရားမဝင်ရွေးကောက်ပွဲအတွက် မဲဆွယ်ခွင့်ပြုပြီးနောက် ရန်ကုန်တွင် ပြည်ခိုင်ဖြိုးနှင့် PPP ပါတီတို့က မြေပြင်ဆင်း၍ မဲဆွယ်ရာ၌ ဘေးတွဲမောင်းသူ၊ဆိုက်ကားနင်းသူ စသည့် အခြေခံလက်လုပ်လက်စားသမားများကို ဝန်းရံခအဖြစ် ကျပ်တစ်သောင်းခွဲမှ ၃ သောင်းအထိ ပေးမည်ဟုဆိုကာ ခေါ်ယူခဲ့သလို သာကေတ၊တောင်ဒဂုံနှင့် မြောက်ဥက္ကလာ တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပြည်ခိုင်ဖြိုးမဲဆွယ်ပွဲတက်ရန် ဖိအားပေး နေကြောင်း Rangoon Scout Network ထံက သိရသည်။
“သာကေတမြို့နယ် ရပ်ကွက်တော်တော်များများရဲ့ အုပ်ကြီးတွေက ရပ်ကွက်နေသူတွေကို မဲဆွယ်ပွဲတွေ လိုက်တက်ရမယ်ဆိုပြီး ဖိအားပေးနေတာတွေ ရှိတယ်လို့ သိရပါတယ်ဗျ။
တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်မှာ ဘေးတွဲသမားတွေကို မဲဆွယ်ပွဲတွေ မလိုက်မနေရဆိုပြီး လိုက် ခိုင်းတယ်။မြောက်ဥက္ကလာမြို့နယ်၊ က ရပ်ကွက်မှာလည်း ဘေးတွဲသမားတွေကို ပွဲလာဖို့ ဖိအား ပေးတာတွေ သိရပါတယ်ဗျ”ဟု Rangoon Scout Networkမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
နိုဝင်ဘာ၃-၉ရက်အတွင်းပြုလုပ်သည့်ပြည်ခိုင်ဖြိုးမဲဆွယ်ပွဲများ၌ အုပ်ကြီးတို့က အထက်ပါအတိုင်း ဖိအားပေးခြင်းဖြစ် ပြီး ဘေးတွဲသမားများအား ဝန်းရံခအဖြစ် ပိုက်ဆံပေး၊မပေး မသိကြောင်း ၎င်းက ဆိုသည်။
“ကြားရသလောက် သာကေတမှာကျတော့ ဘေးတွဲတွေကို ခေါ်တုန်းက ပိုက်ဆံပေးမယ်ဆိုပြီး ခေါ်တာ။ဒါပေမဲ့၊တချို့အမတ်လောင်းတွေက ပေးတယ်။ဖျံကျတဲ့အမတ်လောင်းကျတော့ မပေး ဘူး။ ရတာနည်းပြီး မရတာများတယ်လို့ ဘေးတွဲတွေပြောလို့သိရတယ်”ဟု သာကေတမြို့နယ်၊အနော်မာ ၁ရပ်ကွက်နေ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။
ဘေးတွဲယာဉ်များ မောင်းနှင်ခွင့်ကို စစ်ကော်မရှင်အုပ်ချုပ်ရေးပိုင်းက အချိန်မရွေး ပိတ်ပင်၍ရ ကြောင်း သာကေတမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးအချို့က ခြိမ်းခြောက်ပြီး မဲဆွယ်ပွဲလိုက်ရန် ခေါ်ယူနေကြောင်းလည်း သိရသည်။
တရားမဝင်ပါတီတို့၏ မြေပြင်ဆင်းမဲဆွယ်မှုကို ပြည်သူများက လုံးဝစိတ်မဝင်စားကြကြောင်းလည်း ၎င်းက ဆိုသည်။
