ဒီပဲယင်းတွင် စစ်တပ်က ရွာကို ဗုံးကြဲပြီး PDF စခန်းဟု သတင်းအတုဖြန့်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ရွာများကို စစ်တပ်ဗုံးကြဲခဲ့ပြီး စစ်တပ်ထောက်ခံသူများက PDF စခန်းကို ကြဲခြင်းဟု သတင်းအတု ဖြန့်ဝေလျက်ရှိကြသည်။

သတင်းမီဒီယာကဲ့သို့ အယောင်ဆောင်ထားသော People’s Media တယ်လီဂရမ်ချန်နယ်က ၂၀၂၅ နိုဝင်ဘာ ၁၁ရက် မွန်းလွဲပိုင်းတွင် ဒီပဲယင်းအနောက်ခြမ်း ဆပ်ပြာကျင်း‌ရွာအနီးရှိ PDF စခန်းကို ဗုံးကြဲရှင်းလင်းဟူ၍ ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။

သတင်းအတုလင့်ခ် – https://archive.ph/ERBn8

အဆိုပါ သတင်းအတုကို အခြားသော စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖြန့်ဝေခဲ့ကြ သဖြင့် ပျံ့နှံ့မှု များပြားနေသည်။

သတင်းအတု လင့်ခ်များ

Truth Wave Media – https://archive.ph/IJwmy
Snow Queen – https://archive.ph/rSGUJ

စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များ ဖြန့်ဝေထားသော သတင်းအကြောင်းအရာကို စစ်ဆေးကြည့်ရာ ဖြစ်စဉ် အမှန်ကို ဖုံးကွယ်ထားသော သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

စစ်လော်ဘီများ ဖြန့်ဝေထားသော ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေကြည့်ရာ Mizzima သတင်းဌာနက သတင်းဓာတ်ပုံနှင့် ထပ်တူညီနေသည်။

Mizzima သတင်းဌာန၏ နိုဝင်ဘာ ၁၀ရက် သတင်းတွင် စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျွန်းတောလေး ၊ ဆပ်ပြာကျင်း နှင့် ဘုတ်ရွာတို့ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း၊ နိုဝင်ဘာ ၁၀ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေးစီးဖြင့် ရွာများပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကို မေးမြန်း၍ သတင်းရေးထားသည်။

သတင်းလင့်ခ် – https://bitly.cx/Uvftv

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ဒီပဲယင်း ဆပ်ပြာကုန်းရွာ ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ BBC နှင့် People’s Spring သတင်းဌာနတို့က သတင်းဖော်ပြထားကြသည်။

ဒီပဲယင်းမြို့နယ်ရှိ ​ကျေးရွာသုံးရွာ ကို စစ်တပ်က တိုက်​လေယာဥ်သုံးစီးဖြင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးကြဲခဲ့သဖြင့် ကနဦးသတင်း​ များအရ ပြည်သူ ၁၃ ဦး​ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ နိုဝင်ဘာ ၁၀ရက် ညနေ ၃နာရီ ၂၀မိနစ်ကစတင်ပြီး တံတား ဦး လေတပ်ကတက်လာသော စစ်တပ်၏ ဂျက်ဖိုက်တာ ယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် မိတ္ထီလာ လေတပ်က တိုက်​လေယာဥ်တစ်စီး၊ တံတားဦး လေတပ်ကတပ်လာသော တိုက်​လေယာဥ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ​ဒေသခံများ၏ ပြောစကားများကို ကိုးကား၍ သတင်းဖော်ပြ ထားသည်။

ကိုးကားသတင်းလင့်ခ်များ
BBC – https://bitly.cx/XrkSp
People’s Spring – https://bitly.cx/81Dv

အထက်ဖော်ပြပါ ဓာတ်ပုံစစ်ဆေးခြင်းနှင့် သတင်းဌာနများက သတင်းများကို ကိုးကားမှုအရ ဒီပဲယင်းရှိ ကျေးရွာအချို့ကို စစ်တပ်က ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ ဗုံးဒဏ်ကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း သိရသည်။

ထို့ကြောင့် စစ်တပ်လော်ဘီများက PDF စခန်းကို ဗုံးကြဲရှင်းလင်းဟု ဖြန့်ဝေထားခြင်းသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအတု ဖန်တီးထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။